ပဲခူးတိုင်း မူးမြို့နယ်နှင့် တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၁၄ လုံးပြာကျခဲ့ကြောင်း KNU ဗဟို ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၀ ရက်နေ့တွင် မူးမြို့နယ်၊ ကွင်းဒလကြီးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၇၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း မြိတ်-ထားဝယ် လမ်းပိုင်းရှိ လဘရွာကို သရက်ချောင်းမြို့မှ အကြမ်းဖက် စစ်တပ်၏ ခလရ ၄၀၃ တပ်ရင်း ၊ ၄၀၄ တပ်ရင်းနှင့် ၄၀၅ တပ်ရင်းတို့ ပူးပေါင်းထားသော စစ်ကြောင်းက ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် လဘကျေးရွာမှ နေအိမ် ၄၂ လုံး မီးလောင်ပြာကျခဲ့ပြီး ပြည်သူများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“သရက်ချောင်းမြို့ပေါ်က စစ်ခွေးတွေက မြိတ်-ထားဝယ် ကားလမ်းကို စစ်ကြောင်းထိုးပြီး လဘကျေးရွာကို ဝင်ရောက်စီးနင်း မီးရှို့သွားတာ နေအိမ် ၄၀ ကျော်ပြာကျသွားတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာထွက်ပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အလားတူ စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၇၃ လုံးကို မီးရှို့ ဖျက်ဆီးသွားကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ထိန်းချုပ်ရာဒေသများအတွင်း အတုယောင်ရွေးကောက်ပွဲ ပြုလုပ် နိုင်ရေးအတွက် ငြိမ်းချမ်းနေသည့်သယောင် ပြုမှုနေသော်လည်း ကော်သူးလေထိန်းချုပ်မှုနယ်မြေ များအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာနေရာဒေသများအတွင်း နေထိုင်သော အရပ်သား ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက် မှုများကို အဆက်မပြတ်ကျူးလွန်လျက်ရှိကြောင်း KNU ကပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







