■ စစ်တပ်က ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီး သတ်ဖြတ်ထားပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီး
ရန်ကုန်၊ အောက်တိုဘာ ၂၉
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို ၃ လကြာ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို အကြိမ်ကြိမ် လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း Myingyan District Battalion – 2 မှ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့မှ စတင်ပြီး မြင်းခြံမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀၀ ကျော်ပါ စစ်ကြောင်းသည် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို စစ်ကြောင်းကိုလည်း တော်လှန်ရေး မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက လမ်းတစ်လျှောက်တွင် လိုက်လံပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲများသည် ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ထိ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း၊ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရာနှင့်ချီ သေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့ကြောင်း၊ ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာများတွင် တပ်စွဲထားကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက မြင်းခြံမြို့ပေါ်ကနေ အင်အား ၁၀၀၀ ကျော်နဲ့ ထွက်လာတာပါ။ ရဲကွန်မန်ဒို တပ်ရင်းတပ်ဖွဲ့ပါမယ်။ ခမရ ၁၅ တပ်ရင်းက စစ်ခွေးတွေပါမယ်။ မြင်းခြံ ပြည်သူ့စစ် သီတာယုမွန် အဖွဲ့တွေ ပူးပေါင်းပြီး မြင်းခြံမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးတာပါ။ စစ်ခွေး စစ်ကြောင်းက ၈ လပိုင်း ၁ ရက်နေ့ စပြီးထိုးတာပါ။ စထိုးကတည်းကကို နေ့တိုင်း တိုက်ပွဲဖြစ်နေတာပါ။ ဒီနေ့ထိကို ထိတွေ့မှုတွေရှိနေတုန်းပါပဲ။ ၃ လ နီးအတွင်းမှာ စစ်ခွေးသေတာက ရာနဲ့ချီပြီး သေနိုင်ပါတယ်။ ကျွန်တော်တို့ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းကလည်း ရဲဘော် ၇ ဦးလည်း ကျဆုံးခဲ့ရတယ်။ ခန့်မှန်းခြေ စစ်ခွေး ၁၀၀ ကျော်လောက် အနည်းဆုံးသေဆုံးတယ်။ အလင်းဝင်တာတွေလည်း ရှိပါတယ်။ တစ်ချို့နေရာတွေမှာ အလောင်းတွေလည်း ရပါတယ်” ဟု Myingyan District Battalion – 2 မှ တပ်ရင်းမှူးက ပြောဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့မှစ ၍ ယနေ့အချိန်ထိ မြင်းခြံမြို့နယ်အတွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသောကြောင့် ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်ကြောင်းအနီး နေထိုင်ခြင်းမပြုကြပါရန်နှင့် စစ်ရေးအရှိန်မြှင့်လုပ်ဆောင်နိုင်ရန်အတွက် အများပြည်သူများ အနေဖြင့် မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းကို ထောက်ပို့ကူညီပေးကြပါရန် Myingyan District Battalion – 2 က မေတ္တာရပ်ခံထားသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်က တိုက်ပွဲများအတွင်း အထိနာခဲ့သောကြောင့် ကျေးရွာများကို ဝင်ရောက် စီးနင်းစဉ် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ပျောက်ဆုံးနေသော ပြည်သူများလည်းရှိပြီး လက်ရှိချိန်ထိ စစ်တပ် စစ်ကြောင်းက ကျေးရွာများအတွင်းမှ ပြန်လည် ထွက်ခွာခြင်းမရှိသေးသောကြောင့် ပြည်သူများ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
ထိုစစ်တပ် စစ်ကြောင်းသည် ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိချိန်တွင် ရွာပေါင်း ၂၀ ကျော်မှ သောင်းနှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။




