ရခိုင်ပြည်တစ်ခုလုံးနီးပါးကို စစ်တပ်က ဆုံးရှုံးရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာချိန် ပြည်သူများကို လေကြောင်းတိုက် ခိုက်၍ သတ်ဖြတ်မှုများ အရှိန်မြှင့်လာနေသဖြင့် အထူးသတိပြုကြရန် AA က ကြေညာ သတိပေးလိုက်သည်။
AA က မိမိတို့ မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အလုံးစုံ အပြည့်အ၀ အကောင်အထည်ပေါ်စေရန်အတွက် အာရက္ခ ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲပြီး အစွမ်းကုန် ကြိုးစားလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် စစ်တပ်က ရခိုင်ပြည် တစ်ခုလုံးနီးပါးကို လက်လွှတ်ဆုံးရှုံးရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေသည့အချိန်ဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် စစ်တပ်နှင့် AA တို့က ရခိုင်ရိုးမနှင့် နယ်မြေချင်း ထိစပ်လျက်ရှိသော ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာ၀တီတိုင်းအစရှိသည့် နေရာများအပြင် အာရက္ခတပ်တော်၏ စစ်ရေး လှုပ်ရှားသော နေရာအချို့တွင်ပါ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း စစ်တပ်က ရှမ်းမြောက်ဒေသတွင် အပစ်အခတ်ရပ်စဲရေးကို ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲမှ ကိုးကန့်နှင့် တအာင်းအဖွဲ့များနှင့် မရှေးမနှောင်းပြုလုပ်နိုင်ခဲ့ကြောင်း၊ သို့သော် ၎င်းတို့၏ မြန်မာပြည်သူများအပေါ် နေ့စဉ် ရက်ဆက် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများမှာ လျှော့ကျသွားခြင်းမရှိဘဲ ရခိုင်ဒေသတွင်သာမက မြန်မာတစ်နိုင်ငံလုံးအနှံ့အပြားတွင် အရပ်သားပြည်သူများအပေါ် လက်ရဲဇက်ရဲဖြင့် ရာဇဝတ်မှုများ ကျူးလွန်နေဆဲပင်ဖြစ်သည်ဟု AA က ပြောဆိုသည်။
ရှမ်းမြောက်ဒေသတွင် ပြုလုပ်နေသော စစ်တပ်၏ ထိုးစစ်များ အပစ်အခတ်ရပ်စဲမှု ပြုလုပ်ပြီးချိန်တွင် စစ်ဆင်ရေးနယ်မြေကျုံ့သွားခြင်းကို အခွင့်ကောင်းယူကာ AA တပ်ဖွဲ့ဝင်များ ရှိသော နေရာများသာမက ရခိုင်ပြည်သူလူထုတို့ကို အဓိက ပစ်မှတ် ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို အောက်တိုဘာလ ၃၀ ရက်နေ့မှ အရှိန်မြှင့်လုပ်ဆောင်လာခဲ့ကြောင်း၊ အောက် တိုဘာလ ၃၀ ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်တွေမြို့၊ ရသေ့တောင်မြို့၊ ပုဏ္ဏားကျွန်းမြို့၊ ပေါက်တောမြို့နှင့် ကျောက်ဖြူမြို့၊ ဇင်ချောင်းတိုက်နယ်ရှိ ကုန်ဘွေရွာမှ အရပ်သားပြည်သူလူထုများရှိရာ နေရာများသို့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး နှင့် ဒရုန်းများဖြင့် သူရဲဘောကြောင်စွြ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူလူထုများထဲမှ သေဆုံး ၈ ဦးနှင့် ဒဏ်ရာရရှိသူ ၂၂ ဦး အထိရှိခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင်လည်း စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများထဲမှ ၁၀ ဦးမှာလည်း ပြင်းထန် ဒဏ်ရာဖြင့် စိုးရိမ်ရသော အခြေအနေရှိနေကြောင်း သိရှိရသည်။
စစ်တပ်အနေဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူများကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေခြင်းနှင့် လက်နက်ကြီး၊ ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခြင်းမှာ စစ်ရာဇဝတ်မှုကို ဗြောင်ကျကျ ကျူးလွန်နေပြီး လူသားမျိုးနွယ်အပေါ် လက်နက်အားကိုးဖြင့် ပြစ်မှုကျူးလွန်နေခြင်းဖြစ်ကြောင်း၊ စစ်ရှုံးနေမှုကို ဖုံးကွယ်ရန် ကြိုးစားအားထုတ်သည့်အနေဖြင့် အပြစ်မဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် သတ်ဖြတ်နေခြင်း၊ ကမ်းကုန်အောင် ရက်စက်ယုတ်မာနေခြင်းဖြစ်ကြောင်း AA က ပြောသည်။
စစ်တပ်က ရှမ်းမြောက် အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ကျင့်သုံးခဲ့သည့် ပြည်သူနှင့် မြို့ရွာ၊ စာသင်ကျောင်း၊ စျေး၊ ဆေးရုံ၊ ဆေးခန်းနှင့် ဘုန်းတော်ကြီးကျောင်း လူနေအဆောက်အအုံကြီးများကို သူရဲဘောကြောင်စွာ နေ့စဉ် ရက်ဆက် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် နည်းလမ်းကိုလည်း ရခိုင်ဒေသတွင် ကျင့်သုံးလာနိုင်သဖြင့် အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ ရခိုင်ဒေသမှ ပြည်သူများအနေဖြင့် စစ်တပ်၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများ၏ တိုက်ခိုက်မှုရန်ကို ယခင်နေ့ရက်များထက် ပိုမို သတိထားကြပါရန်နှင့် စစ်ရေး သတိအပြည့်အ၀ နေ့၊ ည အချိန်မရွေး ရှိကြပါရန် အထူးအလေးအနက် အသိပေး တိုက်တွန်းထားသည်။




