မွန်ပြည်နယ်၊ သံဖြူဇရပ် ၊ အနင်းကျေးရွာတွင် စစ်တပ်ထံသို့ တော်လှန်ရေးတပ်များသတင်းစုံစမ်း ပေးပို့နေသော ကျေးရွာအုပ် ချုပ်ရေးမှူးဟောင်း စန်းအောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာဥက္ကဋ္ဌ ဟောင်း ဖြစ်သူ စန်းအောင်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းခံရပြီး ရွာပြင်သို့ ခေါ်ထုတ်သွားကြောင်း၊ ယင်းနောက် ရွာအပြင်ဘက်တွင် ဥက္ကဋ္ဌ ဟောင်း စန်းအောင်ကို ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အနင်းကျေးရွာ ဥက္ကဋ္ဌ ဟောင်း စန်းအောင်မှာ စစ်တပ်ထံသို့ တော်လှန်ရေးတပ်များသတင်း စုံစမ်း ပေးပို့နေသည့်အပြင် ကျေးရွာအတွင်း ပြည်သူများကို အနိုင်ကျင့် ဖိနှိပ်မှုများ လုပ်ဆောင်ကြောင်း၊ စစ်မှုထမ်းလူငယ်များ စုဆောင်းခြင်း၊ စစ်မှုထမ်းကြေးကောက်ခံခြင်းများကိုလည်း လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။
“ပစ်ခတ်သွားတာကတော့ ဘယ်လက်နက်ကိုင်အဖွဲ့လဲ မသိရသေးဘူး။ အုပ်ကြီးဟောင်း စန်းအောင်က အသက် ၅၀ ဝန်းကျင်ရှိပါပြီ။ သူက စစ်တပ်နဲ့ပေါင်းပြီး ပြည်သူကို အနိုင်ကျင့်တယ်။ အဓိက တော်လှန်ရေးလုပ်သူတွေ သတင်းစုံစမ်းပြီး စစ်တပ်ကို ပေးတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
စန်းအောင်သေဆုံးမှုအပေါ် နယ်မြေခံ စစ်တပ်နှင့်ရဲများက ခေတ္တ လာရောက်ကြည့်ရှုပြီး ပြန်လည် ထွက်ခွာသွားကြောင်း၊ အုပ်ကြီးဟောင်း သေဆုံးမှုအတွက် လူငယ်များမှာ စစ်တပ်၏ ရမ်းသမ်းဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။




