စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာ ၆ ရွာကိုဆက်တိုက်မီးရှို့ဖျက်ဆီးနေပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၍ ကလေးမြို့ပေါ်သို့ ဒဏ်ရာရ စစ်သားများ နေ့စဉ် ပို့ဆောင်နေကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ပြီး ထိုမာရွာ GTC တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းပြီးနောက် အနီးအနားရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးလာကြောင်း၊ ယင်း စစ်ကြောင်းက လက်ရှိအချိန်အထိ ကျွန်းချောင်းရွာ၊ ထောက်ကြန့်ရွာ၊ နတ်မြောင်းရွာ၊ နတ်ချောင်းရွာ၊ ချောင်းခွရွာနှင့် ဟားခါးလေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား နေ့စဉ် တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရှိရသည်။
ထိုတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာ ထိခိုက်သေဆုံးမှုများပြားသောကြောင့် စစ်တပ်က ထောက်ကြန့်ရွာသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ဒဏ်ရာရ စစ်သားများကို ကလေးမြို့ပေါ်သို့ ပို့ဆောင်နေပြီး တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်သားများနှင့် အရာရှိများ၏ ရုပ်အလောင်းများကို ၂၂၈ တပ်နှင့် ကံပုလဲရွာတို့တွင် မြေမြုပ်ခဲ့ကြောင်း သိရသည်။
ကလေးမြို့နယ်၊ ကလေး-တမူး လမ်းပိုင်း၊ ကလေး-တီးတိန် လမ်းပိုင်း၊ ကလေး-ဖလမ်း လမ်းပိုင်း နှင့် ကလေး-ဂန့်ဂေါ လမ်းပိုင်းတို့ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၄ ကြောင်းခွဲ၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။
“ကလေးမြို့နယ်ထဲကို စစ်ခွေးတွေက စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာပါ။ တိုက်ပွဲတွေကလည်း နေ့စဉ်ကို ဖြစ်နေတာပဲ စစ်ခွေးတွေက အထိနာလည်း စစ်မှုထမ်းတွေ ပျူစောထီးတွေကို ထပ်အင်အားဖြည့်ပြီး စစ်ကြောင်းထိုးတာ အခုကသူတို့ တော်တော်ထိနာသွားတာလား ဒဏ်ရာရတဲ့ စစ်ခွေးတွေအရမ်းများလို့လားမသိဘူး။ ကလေး-ဂန့်ဂေါ လမ်းပိုင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ခွေးတွေက ထောက်ကြန့်ကို ပြန်ဆုတ်သွားတယ်။ အဲစစ်ခွေးစစ်ကြောင်းက သူတို့ စစ်ကြောင်းစထိုးတဲ့နေတည်းကကို ရွာတွေကို ဆက်တိုက် မီးရှို့နေတာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော ကလေးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ထောက်ကြန့်ရွာ၊ ကြာအင်းရွာ၊ စည်သာရွာ၊ နတ်မြောင်းရွာ၊ နတ်ချောင်းရွာ၊ ကြံသာရွာ၊ အောင်သာယာရွာနှင့် မှန်တောရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများမှာ ဘေးလွတ်ရာကို ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များလည်း နေ့စဉ် တိုက်ပွဲဖြစ်ပွားနေ၍ လက်ရှိချိန်တွင် ကျည်ဖိုး အရေးပေါ်လိုအပ်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။




