26 C
Yangon

ဘားအံတွင် ကြံ့ဖွတ်ပါတီ ကိုယ်စားလှယ်လောင်း၏ မဲဆွယ်ဆိုင်းဘုတ် ဆုတ်ဖြဲမှုဖြင့် အသက် ၁၅ နှစ်အရွယ် လူငယ် ၁ ဦး ၊ ဒလမြို့ နယ်တွင် ကော်မရှင်အဖွဲ့ကို လက်သီးဖြင့် ထိုးသူ အပါအဝင် နိုင်ငံတစ်ဝန်းမှ ပြည်သူ ၇ ဦးကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှကမှုဖြင့် ဖမ်းဆီး အမှုဖွင့်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

ကရင်ပြည်နယ်၊ ဘားအံတွင် ကြံ့ဖွတ်ပါတီ၏ ပြည်နယ် လွှတ်တော်ကိုယ်စား လှယ်လောင်း စောမြင့်ဦး၏ မဲဆွယ်ဆိုင်းဘုတ် ဆုတ်ဖြဲမှုဖြင့် အသက် ၁၅ နှစ်အရွယ် လူငယ် ၁ ဦး အပါအဝင် နိုင်ငံတစ်ဝန်းတွင် ရွေးကောက်ပွဲနှောင့် ယှက်သည်ဟုဆိုကာ ပြည်သူ ၇ ဦးကို ဖမ်းဆီး အမှုဖွင့်ထားကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂ ရက် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းဘေးတွင် စိုက်ထူထားသည့် ကြံ့ဖွတ်ပါတီမှ ဘားအံမြို့နယ၊ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စောမြင့်ဦး၏ ဓာတ်ပုံနှင့်စာသားပါ ဗီနိုင်းဆိုင်းဘုတ်ကို ဆုတ်ဖြတ်ခဲ့သော အသက် ၁၅ နှစ်အရွယ် ဖြိုးမင်းသန့်နှင့် အသက် ၃၁ နှစ်အရွယ် ထွန်ထွန်းဝင်းတို့ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ကို ရွေးကောက်ပွဲ နှောင့်ယှက်ဖျက်ဆီးမှုများ တားဆီးရေးဥပဒေ ပုဒ်မ ၂၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၃၁ ရက်နေ့ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရခိုင်(မြောက်)ကျေးရွာနေ သိန်းဆွေဦးနှင့် မြို့နယ် ကော် မရှင်အဖွဲ့ဝင် ၂ ဦးတို့က မဲပေးခွင့်ရှိသူများ မကျန်ရှိစေရန် စိစစ်ရန် ရခိုင်ချောင်(မြောက်) ကျေးရွာသို့ လာရောက်စဉ် ရွာအလယ် လမ်းတွင် အသက် ၄၆ နှစ်အရွယ် ကိုကျော်သီဟန်က လမ်းပိတ်တားဆီးပြီး ကော်မရှင်အဖွဲ့ ၂ ဦးနှင့်လိုက်ပါသော သိန်းဆွေဦးကို လက်သီးဖြင့် ထိုးကြောင်း၊ ထို့ကြောင့် သိန်းဆွေဦးတွင် ဒဏ်ရာရရှိသဖြင့် ထိုးကြိတ်သူ ကိုကျော်သီဟန်ကို ရွေးကောက်ပွဲ တားဆီးရေး ဥပဒေ ပုဒ်မ ၂၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

ထို့အတူ အောက်တိုဘာလ ၂၄ ရက်နေ့ ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ထော်ကနွတ်ကျေးရွာ မြို့အဝင်စစ်ဆေးရေးဂိတ်တွင် စစ်တပ်က စစ်ဆေးမှုများ လုပ်ဆောင်စဉ် ဝါးခယ်မမြို့ အောင်လှိုင်ကြီးကျေးရွာနေ အသက် ၄၇ နှစ်အရွယ် မျိုးမင်းဆွေ (ခ) မင်းမင်း၏ လက်ကိုင်ဖုန်းအတွင်းမှ PDF တပ်ဖွဲ့ဝင် မောင်ကံ(ခ) ဖိုးကံထံသို့ မက်ဆင်ဂျာမှတစ်ဆင့် ဆက်သွယ်ပြီး ရွေး ကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးရမည်ဟု ရေးသားပေးပို့မှုကို စစ်ဆေးတွေ့ရှိရကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ နှောင့် ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ နယ်မြေ ၉ နေ သန်းသန်းစိုး (ခ) ဟန်နီလင်း အသက် ၃၁ နှစ်ကို စစ်တပ်၏ ဝါဒဖြန့် ဇာတ်လမ်းဖြစ်သော ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများကို လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့တွင်လည်း စစ်တပ်၏ ဝါဒဖြန့် ဇာတ်လမ်းဖြစ်သော ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများကို လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်မှုဖြင့် မဂျူးရတီကို ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အမှတ် ၅ ရပ်ကွက်မှ မကျော့ဆုလာဘ် အသက် ၃၂ နှစ်ကိုလည်း စစ်တပ်၏ ဝါဒဖြန့် ဇာတ်လမ်းဖြစ်သော ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများကို လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်မှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်က ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် ပြည်သူ စုစု ပေါင်း ၉၅ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article