တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ၃ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံးပြီး လက်နက်တချို့နှင့် စစ်သား အလောင်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထား၀ယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေး တာ၀န်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၉ ရက်နေ့တွင် နံနက် ၁ဝ နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း နံနက် ၇ နာရီခန့်မှ စတင်ပြီး ည ၇ နာရီ အထိတိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ဦး ထပ်မံကျဆုံးခဲ့ကြောင်း သိရှိရသည်။
ထိုထိတွေ့ တိုက်ပွဲ ၂ ကြိမ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၉ ဦးသေဆုံးကာ ၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာပြင်းထန်သူများလည်း ပါဝင်ကြောင်း၊ တိုက်ပွဲများအတွင်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ လက်နက် ၁ လက်ဆုံးရှုံးခဲ့သော်လည်း စစ်သား အလောင်းများနှင့် လက်နက် တချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင်လည်း သရက်ချောင်းမြို့နယ် ပဒက်ချောင်းကြီးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကြောင်း၊ ထို တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့်KNU တပ်မဟာ ၄ တပ်ရင်း ၁၂ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုအနေနဲ့ အောင်ပွဲတွေ ဆက်တိုက်ရဖို့ဆိုရင် အနောက်က လက်နက်ခဲယမ်းနဲ့ ကျည်များများ ဖြည့်တင်းပေးနိုင်ဖို့ ပြည်တွင်းပြည်ပထောက်ပို့ရဲဘော်များ ဒီထက်မက ပိုပြီးအားစိုက်ပေးကြဖို့လိုပါတယ်။ ၅ နှစ်သား ကျနော်တို့ တော်လှန်ရေးရဲဘော်တွေရဲ့ ကြိုးစားအားထုတ်မှု အသီးပွင့်တွေ ဒီထက်မကမြင်လာရမှာဖြစ်တယ်။ ရှေ့ဆက်ပြီး စစ်ရေး Level မြင့်လာနိုင်တဲ့အတွက် ပြည်သူများအားလုံး စစ်ရေးသတိရှိကြဖို့ ပြည်သူကိုပစ်မှတ်ထားတဲ့ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုတွေကြုံလာရနိုင်တဲ့အတွက် အထူးဂရုစိုက်ကြဖို့ပြောချင်ပါတယ်” ဟု ထား၀ယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေး တာ၀န်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။
(Facebook ၏ စည်းမျဉ်းများအရ Graphic Violence ဖြစ်နိုင်သော ဓာတ်ပုံများနှင့် ဗီဒီယို ကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှု့ အားပေးနိုင်ပါသည်။)






