ရန်ကုန်၊ နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး လက်နက်ငယ်များ လိုက်လံ ပစ်ခတ်၍ ပြည်သူ ၁ ဦး သေဆုံးကာ ကျေးရွာ ၂၀ ခန့်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ဝက်လက်မြို့နယ် အနောက်ခြမ်း ရွာသာကြီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တမာကုန်းရွာ စာသင်ကျောင်းကို စတင်ဝင်ရောက် စီးနင်းနေကြောင်း သိရှိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ရွာသာကြီး ၊ ထုံးဘို ၊တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကိုကို့စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူး စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ရွာသာကြီးရွာရှိ ၎င်းတို့ တပ်စွဲထားသော နေရာကို စစ်ကိုင်းမြို့နယ် ဆားတောင်မှ လာသော စစ်တပ် စစ်ကြောင်းနှင့် စစ်ကိုင်း တပ်မ-၃၃ မှ လာသော Mi-17 ရဟတ်ယာဉ် ၂ စီး၊ ရွှေဘိုမြို့နယ် လကရ-၈ မှလာသော Mi-17 ရဟတ်ယာဉ် ၁ စီး ဖြင့်လည်း လူအင်အား ဖြည့်တင်းထားကြောင်း သိရှိရသည်။
ရွာသာကြီးရွာအတွင်း အင်အားလာရောက်ဖြည့်တင်းခဲ့သော ဆားတောင်ဘက်မှလာသော စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၃ ရက်နေ့တွင် လှတွေရွာဘက်ကို လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် ရွှေဘိုမြို့ဘက်မှ လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘို-မန္တလေးကားအတိုင်း စစ်ကြောင်းထိုးလာပြီး စိုင်နိုင်လေးရွာကို ဝင်ရောက် စီးနင်းနေကြောင်း၊ လက်ရှိချိန်တွင် စိုင်နိုင်လေးရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက ၂ ကြောင်းပြိုင်ပြီးထိုးနေတာ ရွာသာကြီးဘက်က စစ်ခွေးတွေကတော့ တပ်ဖြန့်ထားတယ်။ ဘယ်ရွာတွေကို ဆက်ပြီး ထိုးမလဲဆိုတာတော့မသိသေးဘူး။ ရွာသာကြီးဘက်က ခွေးတွေက တမာကုန်းရွာ စာသင်ကျောင်းကို စတင် ဝင်ရောက် စီးနင်းနေတယ်။ အဲခွေးကြောင်းမှာ ပါလာတဲ့ စစ်ခွေးတွေက ရွာထဲကို အကုန်မဝင်ဘဲ တပ်ဖြန့်ထားတယ်။ နောက်တစ်ကြောင်းထပ်ခွဲမလားတော့မသိဘူး။ ရွှေဘိုဘက်က လာတဲ့ စစ်ခွေးစစ်ကြောင်းကတော့ စိုင်နိုင်လေးရွာကို ရောက်နေပြီး ပြည်သူတွေ ဖမ်းဆီးခံရတယ်လို့တော့မကြားမိသေးဘူး။ အကုန်လုံး ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






