ဧရာ၀တီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် ဆည်တာတမံတည်ဆောက်ရာတွင် နှစ်နိုင်ငံ အကျိုး ဖြစ်ထွန်းစေသည့် ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အမျိုးအစားတည်ဆောက်ရန် တရုတ်နိုင်ငံနှင့်ဆွေးနွေးသဘောတူညီထားပြီဖြစ်ကြောင်း အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ထုတ်ဖော်ပြောဆိုလာသည်။
ယမန်နေ့ မြစ်ကြီးနားတွင် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဌာနဆိုင်ရာတွေ့ဆုံပွဲတွင် အထက် ပါ အတိုင်း ပြောဆိုလာခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်က မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ အကောင် အထည်ဖော် ဆောင်ရွက်ရန် တရုတ်နိုင်ငံ မှ သက်ဆိုင်ရာကုမ္ပဏီများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ယခင်က မြစ်ဆုံ စီမံကိန်း နောက်ဆုံးအဆင့် တမံတည်ဆောက်ရေး စီမံကိန်းစတင်ချိန်နီးမှသာ နိုင်ငံရေးအကျပ်အတည်းနှင့် မမျှော်မှန်းနိုင်သော အကြောင်းတရားများကြောင့် စီမံကိန်းရပ်တန့်ခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းတည်ဆောက်ရေးနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၊ ဘာသာရေးခေါင်းဆောင်များနှင့် အကျေ အလည်ဆွေးနွေးရသည့်အချက်မှာ ငလျင်ကြောပေါ်တွင်ရှိနေသည့်အတွက် တမံပြိုကျပါကဖြစ်ပေါ်လာမည့် အန္တရာယ်များအတွက် မေးခွန်းများအပေါ် တမံတည်ဆောက်မှုဒီဇိုင်း၌ ငလျင်ဒဏ်ခံနိုင်သည့် ဒီဇိုင်းဖြင့်တည်ဆောက်ရန် ဆွေးနွေးခဲ့ကြောင်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောသည်။
ဧရာ၀တီ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနေရာ သည် စစ်ကိုင်းပြတ်ရွေ့ကြောမှ ၂၅ ဒသမ ၄ ကီလို မီ တာအကွာတွင် ရှိသည့်အတွက် မူလဒီဇိုင်းအရ Maximum Credible Earthquake MCE မဂ္ဂနီကျူ့ ၇ ဒသမ ၁ ခံနိုင်ရန်ရှိစေရန်အတွက် တွက်ချက်ထားသည့် တမံဖြစ်ကြောင်း ၊အဆိုပါစီမံကိန်းတွင် မူလက မေခ၊ မလိခမြစ်တစ်လျှောက် စီမံကိန်း ၆ ခု အနက် မြစ်ဆုံ ၆၀၀၀ MW အပါအဝင်စုစုပေါင်း ၁၉၀၉၉ MW စီမံကိန်းရေးဆွဲပြီး ချီဖွေငယ်စ၍ မြစ်ဆုံကို စတင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားဝန် ကြီးဌာနအနေဖြင့် မြစ်ဆုံအမှတ်လက္ခဏာ မပျောက်ပျက်စေရေး တမံအမြင့်နှင့် ထုတ်လုပ်မှုပမာဏ မဂ္ဂါဝပ်နှင့် ပတ်သက် ၍ သက်ဆိုင်ရာနှင့် အဆိုပြုနည်းလမ်း ၆ မျိုးဖြင့် အကြိမ်ကြိမ်ဆွေးနွေးပြီး မေခနှင့် မလိခမြစ်ဆုံမှုရေစီးကြောင်းမပျောက် ပျက်စေဘဲ နှစ်နိုင်ငံ ဖြစ်နိုင်ခြေရှိပြီး စီးပွားရေးအရ တွက် ခြေကိုက်နိုင်မည့် အဆိုပြုပုံစံသုံးရပ်ကို ဆန်ခါတင်စိစစ် ခဲ့ရာ တမံအမျိုးအစား Concrete Face Rock Fill Dam(CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်၍ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခုမြစ်ဆုံတမံ တည်ဆောက်မည့် နေရာတွင် ယခင်ဒီဇိုင်း ၇ ဒသမ ၁ မဂ္ဂနီကျူ့ ဖြင့် တွက်ချက်ထားသော်လည်း ယခုအခါ မန္တလေးငလျင်ကြီး လှုပ်ခတ်မှု ပမာဏ ထက် ပိုမိုခံနိုင်ရည်ရှိသည့် ဒီဇိုင်းကို Asia Charter Professional Engineer (ACPE)အဖွဲ့မှ ပညာရှင်များဖြင့် အကြံပြု တွက်ချက်ပေးသွားမည် ဖြစ်ကြောင်း၊ ရေအောက်ကြမ်းပြင် ထိန်းညှိပေးမည့် လုပ်ငန်းများပါ ထည့်သွင်းထားပြီး နှစ်စဉ်မြစ်ကြီးနားမြို့ ရေဝင်ရေကြီး နစ်မြုပ်မှုမှလည်း ကင်းရှင်းစေမည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်တစ်လျှောက် မြစ်ဝကျွန်းပေါ် ပင်လယ်အဝအထိ နှစ်စဉ်နွေမိုးဆောင်းရေပြင်အမြင့် ၁၀ မီတာ အမြဲရှိပြီး ဧရာဝတီ တိုင်းဒေသကြီးမှ မြစ်ကြီးနားထိ မြစ်တွင်းသွား သင်္ဘောကြီး/သင်္ဘောငယ်များ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
လက်ရှိတွင် စစ်တပ်က ဧရာ၀တီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို ယခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး မြစ်ဆုံစီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများကို စီမံဆောင်ရွက်နေကြောင်း သိရှိရသည်။
ဧရာ၀တီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီးက ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီးက ဒုတိယခေါင်းဆောင်အဖြစ် ပါဝင်ကာ အဖွဲ့ဝင် ၁၃ ဦးပါဝင်သည်။
ယင်းအဖွဲ့က တရုတ် ယူနန်ပြည်နယ်မှ SPIC Yunan International Power Investment Co.,Ltd (SPICYN) နှင့်အတူ ပူးပေါင်း၍ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များ၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအပြင် ဦးဆောင်အဖွဲ့က လမ်းညွှန်ချက် ပေးခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း အပါအဝင် လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
ဧရာ၀တီမြစ်ဆုံစီမံကိန်းမှာ စစ်အာဏာရှင် သန်းရွှေ လက်ထက် ၂၀၀၂ ခုနှစ်ကတည်းက လေ့လာရေးစလုပ်ခဲ့ပြီး တရုတ် CPI ကုမ္ပဏီနှင့် အကျိုးတူ လုပ်ကိုင်ခဲ့ရာမှ ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရအမိန့်ဖြင့် ယာယီရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




