31 C
Yangon

ယင်းမာပင်မြို့နယ် ၊ကျောက်မှော်ရွာသို့ စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ ၊ မုံရွာတွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရွာများကို မီးတင်ရှို့

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၊ကျောက်မှော်ရွာသို့ စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ပြည်သူ များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်ပြီး ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ဒေသပြည်သူများမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ ကျောက်မှော်ကျေးရွာအနီးဝန်းကျင် ကျေးရွာ ၁၀ ခုထက်မနည်းမှ ပြည်သူရာထောင်ချီ ထွက်ပြေးနေရကြောင်း သိရှိရသည်။

“ရွှေတောင်ဦးဘက်နေ စုန်းချောင်း-နဘူးတောရွာဘက်ကို ဖြတ်ပြီးတော့ စစ်ကြောင်းထိုးလာတာ။ မ နေ့ ညနေပိုင်းမှာ ကျောက်မှော်ရွာကိုရောက် နေပြီ။ စစ်တပ် စစ်‌ ကြောင်းလာတော့ နဘူးတော၊‌ ဂွေ့ချောင်း၊စုန်း‌ ချောင်း၊ ကျောက်ကုန်း၊ပတိမ်ပြင်၊ကြက်လျှာ၊အင်းပတ်စတဲ့ ကျေးရွာတွေကပြည်သူ တွေ ထွက် ပြေးနေရတာ” ဟု ကျောက်ကုန်းရွာသားတစ်ဦးက ရှင်းပြသည်။

စစ်တပ်စစ်ကြောင်းက ယမန်နေ့ညပိုင်း ကျောက်မှော်ကျေးရွာနှင့် အင်ဖျားကျေးရွာတို့တွင် ယာယီ တပ်စွဲ ညအိပ်ခဲ့ပြီး စစ်ကြောင်း ၂ ခုခွဲ၍ ယင်းမာပင်မြို့နယ်အတွင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ စစ် ကြောင်းက မည်သည့်နေရာသို့ ဦးတည်မည်ကို မသိရှိရသေးဘဲ စစ်ကြောင်းထိုးနိုင်မည့် လမ်းတစ် လျှောက်မှ ပြည်သူများအားလုံး ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွှေတောင်ဦးကလာတုန်းက အင်အား ၂၀၀ နဲ့စစ် ကြောင်းတစ် ကြောင်းတည်း ပေါင်းလာတာ။အခု ကျောက် မှော်ရွာရောက် တော့မှ စစ်ကြောင်း ၂ ခုခွဲသွားတယ်။ စစ်ကြောင်း တစ်ကြောင်းက အင်ပတ်ရွာမှာ ညအိပ်တပ်စွဲနေတယ်။‌ နောက်ချန် စစ်ကြောင်း တစ်ခုက ကျောက် မှော်ရွာတောင်ဘက်ကို အထွက်ပြပြီး အခု သီတဂူဘုန်းကြီး ကျောင်းမှာ ညအိပ် တပ်စွဲနေတယ်။ ဘယ်ဘက်ကို ဘယ်လိုစစ် ကြောင်းထိုးမလဲဆိုတာကို တော့ စောင့်ကြည့်ရမယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က စစ်ကြောင်းထိုးမည့် လမ်းကြောင်းနေရာတစ်လျှောက်သို့ လေကြောင်းမှ ကြိုတင်ဗုံးကျဲခြင်းများကို စဉ်ကူးမြို့နယ်၊မတ္တရာမြို့နယ်၊သပိတ်ကျင်းမြို့နယ် အပါအဝင် စသည့် မြို့နယ်များတွင် လုပ်ဆောင်လျက်ရှိသဖြင့် ဒေသပြည်သူများအသိသတိဖြင့် နေထိုင်ကြရန် သက်ဆိုင်ရာ တော်လှန်ရေးနှင့် ကာကွယ်ရေးတပ်များက သတိပေးထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင်လည်း စစ်တပ်က ကျေးရွာများကို မီးရှို့ ဖျက်ဆီးလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ရက် နံနက်ပိုင်း မုံရွာမြို့တောင်ဘက်၊ စွမ်းရည်ထက် ဆီဆိုင် ဂိတ်စခန်းမှ စစ်ကြောင်း ထွက်လာသော အင်အား ၁၅၀ ပါ စစ်တပ်က နဂါးတွင်းနှင့် ပေါက်ပင်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်စစ်ကြောင်းက ထနောင်းတောတောင်ရွာ၊ ထနောင်းတောမြောက်ရွာအပါအဝင် ပေါက်ပင်နဂါးတွင်း၊ မြင်သာရွာ၊မင်းကုန်း၊ ဆူးလေကုန်းနှင့် ထန်းလေးပင်ရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပေါက်ပင်ရွာတွင် နေအိမ် ၄လုံးနှင့် နဂါးတွင်းရွာတွင် နေအိမ်အလုံး ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မုံရွာထဲမှာ စစ်ကြောင်းက ၂ ခု ထိုးနေတာ။ မုံရွာ GTC က ထွက်လာတဲ့ စစကြာင်းကလည်း ပုလ္လင်ရွာဘက်ကို ရောက်နေတယ်။ နောက်စစ်ကြောငးက ပေါက်ပင်ရွာနဲ့ နဂါးတွင်းရွာကို မီးရှို့ဖျက်ဆီးသွားတာ။ တိုက်ပွဲဖြစ်နေတာတွေလည်းရှိတယ်။ ပြည်သူတွေကတော့ ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု စစ်ဘေးရှောင်များကို ကူညီနေသော တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ – မုံရွာတွင် စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်များနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article