32 C
Yangon

သရက်မြို့ ကပစ ၁၂ ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ၊ လောင်းလုံးမြို့မ ရဲစခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အဆောက်အဦးတချို့ မီးလောင် ပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မကွေးတိုင်း၊ သရက်မြို့ ကပစ ၁၂ ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် သရက်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ၁၂၀ မမ ၊ ၆၀ မမ နှင့် ၄၀ မမ ဗုံးများ ထုတ်လုပ်နေသော ကပစ ၁၂ စက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် – ၄ တပ်ရင်းက လက်လုပ် ၇၉ မမ ရော့ကတ် ၁၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း စက်ရုံအတွင်းရှိ ပစ်မှတ် အဆောက်အဦးများကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်ပျက်စီးမူရှိကာ ပစ်ခတ်နေစဥ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်ကလည်း လက်နက်ကြီးများ၊ ရှော့တိုက်ဒုန်းများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဒီတိုက်ခိုက်မှုမှာ ကျနော်တို့ ပစ်မှတ်နေရာတွေကို ထိမှန်အောင် ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူး။ ကျနော်တို့အနေနဲ့ ကိုယ့်ဒေသအတွင်းမှာ စစ်ရေးအရရော ကွပ်ကဲမူအရရော အရေးပါတဲ့ ဒီစက်ရုံကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မ ရဲစခန်းကိုလည်း ဒရုန်းဖြင့် ဗုံး ၂၀ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ရဲစခန်းအဆောက်အဦးတချို့ မီးလောင်ပျက်စီးခဲ့ကြောင်း လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့မရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၂၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း ရဲစခန်းဝင်းအတွင်းရှိ အဆောက်အဦး တချို့ မီးလောင်ပျက်စီးခဲ့ပြီး စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှု များပြားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F ) ၊ ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ် (TPLF) ၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ ) ၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားတော်လှန်ရေးတပ် (SRF) နှင့် Dragon Squad2 အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article