29 C
Yangon

မင်းအောင်လှိုင်နှင့် စစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး တီမောနိုင်ငံက တရားဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးရန် အမှုစတင်ဖွင့်လှစ်လက်ခံ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

တီမောလက်စ်တေနိုင်ငံရှိ တရားစီရင်ရေး အာဏာပိုင်များက အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို တရားဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရေး စုံစစ်ဆေးမှုများကို စတင်လက်ခံ အမှုဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော တီမောနိုင်ငံက အခြား အာဆီယံအဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်များကို ဥပဒေရေးရာ အရေးယူမှု စတင်လုပ်ဆောင်ခဲ့သော ပထမဆုံးဖြစ်ရပ် ဖြစ်ကြောင်း ၊ တီမောလက်စတီမြို့၊ ဒီလီတွင် Chin Human Rights Organization (CHRO) က လွန်ခဲ့သည့် နှစ်ပတ်ခန့်က တင်သွင်းခဲ့သော အမှုဖိုင်ကို စုံစမ်းစစ်ဆေးရန် တီမောအစိုးရ အစိုးရရှေ့နေတစ်ဦးကိုလည်း ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

CHRO ၏ အမှုဆောင်ဒါရိုက်တာ Salai Za Uk “ဒီလုပ်ရပ်ကို ကျွန်တော် ကြိုဆိုပါတယ်။ ချင်းလူမျိုးများသာမက မြန်မာပြည်သူအားလုံးအတွက် တရားမျှတမှု ရရှိရေးကို ရည်ရွယ်ပြီး တီမောနိုင်ငံအာဏာပိုင်များ၊ ဒေသခံ လူမှုအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်။ တီမောနိုင်ငံရဲ့ သမိုင်းနောက်ခံနဲ့ လွတ်လပ်ရေးရယူရာမှာ ခံစားခဲ့ရတဲ့ ဒုက္ခတွေကြောင့် မြန်မာပြည်သူတွေကို စစ်အာဏာရှင်က နေ့စဉ်နီးပါး အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို သူတို့ အထူးနားလည်မှုရှိပါတယ်” ဟု ပြောကြားခဲ့သည်။

တီမောနိုင်ငံက ယင်းကဲ့သို့ လက်ခံလိုက်ခြင်းမှာ မြန်မာစစ်တပ်က ကျင်းပခဲ့သော “အတုအယောင် ရွေးကောက်ပွဲ” ကို အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချနေသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။ အာဆီယံအဖွဲ့က မြန်မာစစ်တပ်၏ရွေးကောက်ပွဲကို စောင့်ကြည့်သူများ မပို့ဘဲ၊ အဆိုပါရွေးကောက်ပွဲကို တရားဝင်မှု မပေးကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ခဲ့သည်။

CHRO ကို ကိုယ်စားပြုသော တီမောနိုင်ငံရှေ့နေအဖွဲ့ ဖြစ်သည့် Da Silva Teixeira & Associados Lda မှ Jose Teixeira က “တီမောနိုင်ငံအတွက် တရားရေးမဏ္ဍိုင်က အရေးကြီးဆုံးဖြစ်ပါတယ်။ တရားစီရင်ရေးစနစ်ရဲ့ လွတ်လပ်မှုကို အပြည့်အဝ လေးစားရမယ်၊ ဥပဒေလုပ်ငန်းစဉ်က သူ့လမ်းကြောင်းအတိုင်း ဆက်သွားရမယ်။ မြန်မာစစ်အာဏာရှင်အပါအဝင် ပြင်ပဘက်မှ ဝင်ရောက်စွက်ဖက်မှုအားလုံးကို ကျနော်တို့ ပြတ်ပြတ်သားသား ပယ်ချပါတယ်” ဟု ပြောကြားခဲ့သည်။

CHROက တင်သွင်းထားသော အမှုတွဲဖိုင်တွင် ကိုယ်ဝန်ရှိနေသည့် အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ လူ ၁၀ ဦးကို သတ်ဖြတ်ခဲ့သည့် အမှုများ (သတင်းစာဆရာတစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ပါဝင်)၊ ဘာသာရေးခေါင်းဆောင်များကို ရည်ရွယ်၍ သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်များ၊ ဆေးရုံကို လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်ခဲ့သည့် အမှု၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ကာကွယ်ထားရမည့် အရပ်ဘက်အဆောက်အဦများနှင့် ဘုရားကျောင်းများကို တိုက်ခိုက်ခဲ့သည့် အမှုများ အပါအဝင် စစ်ရာဇဝတ်မှုများအတွက် ခိုင်လုံသည့် အထောက်အထားများ ပါဝင်သည်ဟု သိရှိရသည်။

Myanmar Accountability Project (MAP) ၏ ဒါရိုက်တာ Chris Gunness က “ဒါဟာ မြန်မာပြည်သူများရဲ့ တရားမျှတမှု၊ လွတ်လပ်မှု၊ လူ့ဂုဏ်သိက္ခာကို ရယူဖို့ အလွန်ရှည်လျားတဲ့ လမ်းခရီးထဲက အရေးကြီးတဲ့ အဆင့်တစ်ခုပါ။ အခက်အခဲတွေ များပါလိမ့်မယ်။ ဒါပေမယ့် ဒီအမှုက သံသယမရှိဘဲ အင်အားကြီးတဲ့ သတင်းစကားတစ်ခု ပို့လိုက်ပါတယ်။ မြန်မာပြည်သူတွေက အာဏာရှင်နဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ သူတို့ရဲ့ တိုက်ပွဲမှာ တရားမျှတမှုနဲ့ တာဝန်ယူမှုဟာ မရှိမဖြစ်လိုအပ်တယ်ဆိုတာကို ပြတ်ပြတ်သားသား ပြောလိုက်တာပါ” ဟု ပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article