ရန်ကုန်၊ ဖေဖော်ဝါရီ ၃
မန္တလေးမြို့ပေါ်တွင် ငလျင်လှုပ်ခတ်မှု ပြည်သူများ အထိတ်တလန့်ဖြင့် နေအိမ်များမှ ဆင်းပြေးရကြောင်း မန္တလေးမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၂ မိနစ်အချိန် မန္တလေးမြို့ပေါ်တွင် အလွန်သိသာစွာ ငလျင် လှုပ်ခတ်သွားခြင်းဖြစ်ပြီး အထပ်မြင့်တိုက်တာတချို့မှ ပြည်သူများ ပြေးဆင်းလာရကြောင်း၊ ငလျင်မှာ စက္ကန့်ပိုင်းသာ ကြာမြင့်သောလည်း လှုပ်ခတ်မှု အရှိန်ပြင်းထန်ကြောင်း သိရှိရသည်။
“မတ်လတုန်းက ငလျင်လိုပဲ လှုပ်သွားတာ တော်တော်ကြမ်းတယ်။ အချိန်တော့တိုတယ်။ ခါထွက်သွားတာ။ တော်တော်များများ ဆင်းပြေးကြတယ်” ဟု မန္တလေးမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၂ မိနစ်အချိန်ခန့် မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်အတွင်း၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၂ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင် လှုပ်သွားကြောင်း သိရှိရသည်။
“ငလျင်လှုပ်တာက ဒုန်းဆိုတဲ့ အသံကြီးအကျယ်ကြီးနဲ့ လှိုက်ခနဲအောက်ကြီးကိုနိမ့်ဆင်းသွားတာ။ အတော့ကို ကြမ်းတယ်လို့ ပြောရမယ်” ဟု အောင်မြေသာဇံမြို့နယ်တွင် နေထိုင်သော ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ပျက်စီးခဲ့သော မန္တလေးမြို့ မြင်ကွင်း။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




