ရန်ကုန်၊ ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံတွင် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေရာတွင် နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ စစ်ရေးနှင့်နိုင်ငံရေး အောင်မြင်မှုများ ပိုမို ရရှိစေရေး ကချင်လွတ်လပ်ရေးအဖွဲ့ -KIO က စနစ်တကျ စီမံဆောင်ရွက်နေပြီး စစ်တပ်၏ သွေးခွဲမှုများကို မခံကြရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းပြောဆိုလိုက်သည်။
ယနေ့ ကျရောက်သည့် ၆၅ နှစ်မြောက် ကချင့်တော်လှန်ရေးနေ့ မိန့်ခွန်းသဝဏ်လွှာတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများစွာ ပေါ်ပေါက်လာခဲ့ပြီး NUG အစိုးရလည်း ပေါ်ထွက်လာခဲ့ကြောင်း၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့်အတူ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ စုစည်းမိခဲ့ခြင်းကြောင့် ယခုအခါ စစ်မြေပြင်တွင် အောင်မြင်မှုများစွာ ရရှိနေပြီဖြစ်ကြောင်း၊ KIO ဗဟိုကော်မတီအနေဖြင့်လည်း စစ်ရေးနှင့် နိုင်ငံရေးအရ အောင်မြင်မှုများ ရရှိစေရန်အတွက် အထူးပင် အာရုံစိုက်ကာ စနစ်တကျ စီမံဆောင်ရွက်နေကြောင်း သူက ပြောဆိုသည်။
ရှေးယခင်က ကချင်အမျိုးသားခေါင်းဆောင်များက မြန်မာလူမျိုးများနှင့်အတူ လွတ်လပ်ရေးကို အတူတကွ ရယူနိုင်ရန်အတွက် ပင်လုံစာချုပ်တွင် ကတိကဝတ်ပြု လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ကချင်ဒေသတွင်းရှိ အခြားလူမျိုးစုများနှင့်လည်း အတူတကွ ပူးပေါင်းကာ လွတ်လပ်ရေးကို ရယူခဲ့ကြကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံဟု အမည်နာမ သတ်မှတ်ခဲ့သော်လည်း ပင်လုံစာချုပ်ပါ ကတိကဝတ်များနှင့်အညီ နိုင်ငံရေးအခွင့်အရေးများကို ဖော်ဆောင်ပေးခြင်း မရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် လူမျိုးကြီးဝါဒီဖြင့်သာ အုပ်ချုပ်ခဲ့ကြပြီး ရှေးဦးခေါင်းဆောင်ကြီးများက နိုင်ငံရေးအရ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ကြသော်လည်း မြန်မာအစိုးရ ခေါင်းဆောင်အဆက်ဆက်က လက်ခံခြင်း မရှိခဲ့ကြောင်းသူက ဆိုသည်။
ထို့ကြောင့် ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကချင်တိုင်းရင်းသားများ၏လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရခြင်းမှာ ကျွန်ုပ်တို့၏ ဆုံးရှုံးသွားသော နိုင်ငံရေးအခွင့်အရေးများကို ပြန်လည်ရရှိရန်အတွက် ဖြစ်ကြောင်း၊ တော်လှန်ရေးခရီးလမ်းသည် ရှည်လျားခဲ့ပြီဖြစ်သော်လည်း ကချင်လူမျိုးနှင့် ကချင်ပြည်သူများ၏ ကံကြမ္မာကို မိမိဘာသာ ဖန်တီးနိုင်သည့် အခွင့်အရေးများ ပြန်လည်ရရှိရန်အတွက် သန္နိဋ္ဌာန်ချကာ ကြိုးပမ်းဆောင်ရွက်နေသော သမိုင်းဝင်လုပ်ငန်းစဉ်ကြီး ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုသည်။
လက်ရှိ နွေဦးတော်လှန်ရေးပေါ်ပေါက်လာချိန်တွင် စုစည်းတော်လှန်မှုများ လုပ်ဆောင်နေပြီး အခြားတစ်ဖက်တွင်မူ စစ်တပ်က ရွေးကောက်ပွဲကျင်းပနိုင်ရန်နှင့် လွှတ်တော်ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ စစ်ခေါင်းဆောင်က တိုင်းရင်းသားများ၏ အမည်နာမများနှင့် ဒေသအမည်များကို ပြောင်းလဲပစ်ရန်အတွက်လည်း လုပ်ဆောင်နေကြောင်း သူက ရှင်းပြသည်။
ယင်းအပြင် ရှမ်းလူမျိုးများနှင့် ပတ်သက်၍လည်း ရှမ်းလူမျိုးများနှင့် ကချင်လူမျိုးများသည် ရှေးယခင်ကတည်းကပင် အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြသူများ ဖြစ်ပြီး စစ်အစိုးရ၏ သွေးခွဲမှုကို ခံယူကာ ကျွန်ုပ်တို့၏ လှပသော သမိုင်းကြောင်းကို မဖျက်ဆီးကြပါရန်နှင့် မမှန်ကန်သော သတင်းများကို သတိထားကြပါရန်သူက တိုက်တွန်းသည်။
လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်နေသော တော်လှန်ရေးအင်အားစုများအတွင်း “မူးယစ်ဆေးဝါး” မှာ အဓိကရန်သူဖြစ်သည်ကို အမြဲသတိ ပြုရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ (Pat Jasan) ကို အားပေးကူညီရန်နှင့် လူထုအင်အားဖြင့် မူးယစ်ဆေးဝါးကို တိုက်ဖျက်ကြရန် လိုအပ်ကြောင်း ၊ အခြားနိုင်ငံများသို့ ရောက်ရှိနေထိုင်နေကြသော ကချင်လူမျိုးများကိုလည်း မှာကြားလိုသည်မှာ မိမိတို့လူမျိုးနှင့် တော်လှန်ရေးကို မမေ့ကြဘဲ တတ်နိုင်သည့်ဘက်မှ ဆက်လက်ကူညီကြရန် ဆက်လက်တိုက်တွန်းသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီက ကချင်လူမျိုးများနှင့် မြန်မာပြည်သူများ၏ မျှော်လင့်ချက်အတိုင်း ပန်းတိုင်သို့ ရောက်ရှိစေရန် မနားမနေ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ကတိပြု ပြောဆိုသည်။
Photo- Agency ။




