23 C
Yangon

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးမီးရှို့နေ၍ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုး မီးရှို့နေ၍ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် ပုဂေါဇွန်းရွာ အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ ထို ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့သော စစ်သား အလောင်းများကို ကားများဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွင်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုဂေါဇွန်းရွာအတွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာရလိုင်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စစ်ကြောင်းသည် သစ်တိုထောင့်ကျေးရွာကို ဆက်လက် စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ရလိုင်ရွာ နှင့် သစ်တိုထောင့်ရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် လက်ရှိချိန်ထိ သစ်တိုထောင့်ရွာအနီး တပ်ဖြန့်ထားပြီး ပြန်လည် ဆုတ်ခွာခြင်းမရှိသေးသောကြောင့် လက်ရှိချိန်ထိ ကျေးရွာနေ ပြည်သူများသည် စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲက ဆက်ပြီးတော့မဖြစ်တော့ဘူး ငြိမ်သွားပြီ စစ်ခွေးတွေက သူတို့ အထိနာလို့ ရွာတွေကို လိုက်မဲနေတာ တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုများတယ်။ ခွေးအလောင်းတွေနဲ့ ဒဏ်ရာရတဲ့ ကောင်တွေကို ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းထဲကို ပြန်သယ်သွားတာ စစ်ခွေးတွေ မီးရှို့တာတော့ နေအိမ် ၅၀ ကျော်ပြာကျသွားတယ်။ ရလိုင်ရွာနဲ့ သစ်တိုထောင့်ရွာကို မီးရှို့သွားတာက စစ်ခွေးတွေ အဓိကရှို့တာကတော့ သစ်တိုထောင့်ရွာကို ရှို့သွားတာ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article