ရန်ကုန်၊ ဖေဖော်ဝါရီ ၆
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်မှုမှာ ငရဲခွေးကြီးကို ဘွဲ့ဝတ်ရုံဆင်မြန်းပေးမှုအဖြစ် ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီ၊ ရန်ကုန်တက္ကသိုလ်ဆရာ၊ဆရာများအသင်းနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတို့က ပြင်းထန်စွာ ရှုတ်ချလိုက်ကြသည်။
အကြမ်းဖက် မင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ အပ်နှင်းကြောင်း ကြေညာခဲ့ပြီး ယမန်နေ့ဘွဲ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စု၏ ဖိနှိပ်ရေးယန္တရားတွင် ခွေးသွားစိတ်များအဖြစ် တက်ကြွစွာ အသုံးချခံနေသော စစ်အုပ်စုခန့် ပညာရေး ဝန်ကြီး ချောချောစိန်နှင့် စစ်အုပ်စုခန့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဆိုသူ တင်မောင်ထွန်းတို့က ၎င်းတို့၏ ရာထူးနေရာ တည်မြဲရေးအတွက် ငရဲခွေးကြီးကို ဘွဲ့ဝတ်ရုံ ဆင်မြန်းပေးလိုက်ခြင်းသည် စစ်ကျွန် ပညာရေး သရုပ်သဏ္ဍန်ကို ထင်ရှားစွာ ဖော်ကျူးလိုက်ခြင်းဖြစ်ကြောင်း ရှုတ်ချထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်အုပ်စုက ခန့်ထားသည့် လက်အောက်ခံ ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က အထူးဘွဲ့နှင်းသဘင် စင်တင်ကျင်းပကာ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ ထိုးပေး လိုက် ကြောင်း၊ စစ်အုပ်စုကို မျက်နှာချိုသွေးကာ ဘွဲ့တံဆိပ်ကို တံစိုးလက်ဆောင်အဖြစ် အသုံးပြုပြီး ရောင်းစားခြင်းကို ပြင်းထန်စွာ ဆက်လက် ရှုတ်ချထားသည်။
စာသင်ကျောင်းများကို ဗုံးကျဲကာ ရက်စက်မှု အပေါင်း သရဖူးဆောင်နေသော စစ်ရာဇဝတ်တရားခံ မင်းအောင် လှိုင်၏ ကိုယ်တွင် ကျောင်းသူကျောင်းသားတို့၏ သွေးများ စွန်းပေလျက်ရှိကြောင်း၊ ညစ်ထေးသော ကိုယ်ဖြင့် ဆင်မြန်းခဲ့သော ဘွဲ့ဝတ်ရုံသည်လည်းကောင်း၊ သွေးစွန်းသော လက်ဖြင့် ကိုင်တွယ်ခဲ့သော ဘွဲ့လက်မှတ် သည်လည်းကောင်း ဂုဏ်သိက္ခာကင်းမဲ့ခဲ့ရချေပြီဖြစ်ကြောင်း၊ ဘွဲ့နှင်းသဘင်ခန်းမတွင်လည်း သွေးညှီနံ့များ လှိုင်နေကြောင်း ကြေညာချက်တွင် ပြင်းထန်စွာ ဝေဖန်ထားသည်။
ထို့ကြောင့် စစ်ကျွန်ပညာရေးစနစ် တည်ရှိနေသရွေ့ ထိုကဲ့သို့သော စက်ဆုပ်ရွံ့ရှာစရာ ဖြစ်ရပ်များကို ထပ်မံ မြင်တွေ့ကြရလိမ့်ဦးမည်ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ စစ်ကျွန်ပညာရေးစနစ်သည်လည်း သက် ဆိုးရှည်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမှသာလျှင် ဒီမိုကရေစီ ပညာရေးစနစ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီ၊ ရန်ကုန်တက္ကသိုလ်ဆရာ၊ဆရာများအသင်းနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတို့က စုပေါင်း ကြေညာချက် ထုတ်ပြန်ထားသည်။






