28 C
Yangon

မုံရွာ၊ နမခအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုအတွင်း စစ်သား ၉ ဦး သေဆုံးပြီးနောက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ အနီးအနားကျေးရွာများမှ လူငယ်များကို ရိုက်နှက်ဖမ်းဆီးစစ်ဆေးနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်မှုအတွင်း စစ်သား ၉ ဦး သေဆုံးပြီးနောက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ အနီးအနားကျေးရွာများမှ လူငယ်များကို ရိုက်နှက်ဖမ်းဆီးစစ်ဆေးနေကြောင်းBlack Falcon Guerilla Forces တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် အနီး၊ မင်းတဲရွာဘုန်းကြီးကျောင်းအတွင်း အင်အား ၂၅ ဦးခန့်ဖြင့် အထိုင်ချထားသော စစ်တပ်စခန်းမှ စစ်သား ၂၀ ဦးခန့် က ပုဇင်းခေါင်းထော်လာဂျီတစ်စီး အင်အားအပြည့်၊ ကင်းထောက်ဆိုင်ကယ် ၂ စီးဖြင့် မင်းတဲ-သပြေတောလမ်းပေါ်တွင် ဆက်ကြေးကောက်၊ ပေါ်တာဆွဲဖမ်းဆီးရန် ထွက်လာခဲ့ ကြောင်း ၊ အဆိုပါ စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်သားများ ကိုင်ဆောင် အ သုံးပြုသော MA1 အမျိုးအစား သေနတ် ၂ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ အနီးအနားမှ ကျေးရွာ ၂ ရွာကို ပိတ်ဆို့ထားကာ လူငယ်များကို ခေါ်ယူ ရိုက်နှက်ဖမ်းဆီးစစ်ဆေးနေကြောင်း သိရှိရသည်။

ထိုသို့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည့်နေရာသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ကျောက် စစ်ပုံကျေးရွာတွင် အထိုင်ချထားသော အမှတ် ၅၀၅ အမြောက်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ကြောင်း၊ ယင်းနောက် သံချပ်ကာတင့်ကား၊ ပွိုင့်ဖိုက်ကား၊ သံပြားကာကား ၃ စီး၊ လူနာတင်ကား ၂ စီးတို့ ဖြင့် သေဆုံးစစ်သား အလောင်းများ၊ ဒဏ်ရာရ စစ်သားများကို ကောက်ယူပြီး နမခ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရ သည်။

“သူတို့ ဖမ်းဆီးထားတဲ့ ပြည်သူ ၁၀ ယောက်ကျော်ကို သတ်ဖြတ်မယ်ဆိုပြီးခြိမ်းခြောက်ထားတယ်။ ကျေးရွာအနီးအနားမှာ တိုက်ပွဲဖြစ်သွားလို့ ကျေးရွာထဲက လူငယ်တွေကို တစ်အိမ်တစ်ယောက်နှုန်းခေါ်ယူပြီး ရိုက်နှက်စစ် ဆေးတာတွေတော့ရှိတယ်။ တစ်ချို့အစစ်မခံဘဲနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့လူငယ်တွေလည်းရှိ တယ်။ အခုထိကတော့ ရွာကလူတွေကိုတော့ သတ်ဖြတ်တာမျိုးတော့မရှိသေးဘူး၊ ဒါပေမယ့် တပ် ကြပ်ကြီးတစ်ဦးထပ်သေသွားရင်တော့ ပြည်သူ ၁၀ ဦးကို သတ်ပစ်မယ်ဆိုပြီးခြိမ်းခြောက်နေ တာမျိုး တော့ရှိတယ်။လက်ရှိရွာအတွင်းကလူရော၊ ရွာအပြင်ကနေ ဝင်မယ့်လူရော အဝင်၊ အထွက်အလုပ် မခံပဲနဲ့ လုံခြုံရေး တွေအများကြီးချထားတယ်။” ဟု Black Falcon Guerilla Forces တပ်ဖွဲ့မှ တာဝန် ရှိသူက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွင်း၌လည်း တပ်မ ၃၃ မှ စစ်သားများ အင်အား တိုးမြှင့်ထားပြီး လုံခြုံရေးအပြည့်ချထားကာ တိုက်ပွဲအတွင်း‌သေဆုံးသွားသော ဗိုလ်၏ ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဂူသွင်းသင်္ဂြိုလ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“ကျနော်တို့ဖော်ဆောင်ခဲ့တဲ့တိုက်ပွဲက ကျေးရွာအနီးအနားမှာလို့ သုံးနှုန်းထားပေမယ့် ကျေးရွာထဲမှာ လည်းမဟုတ် ဘူး။ နမခနဲ့ ဒီကျေးရွာရဲ့ ကြားလမ်းမှာ ကျနော်တို့က သေသေချာချာညအိပ်စောင့်ပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ကျနော်တို့ကို သတင်းပေးတဲ့ သူတွေထဲမှာလည်း ကျေးရွာကလူတွေ မပါသလို ဒီမစ်ရှင်နဲ့ပတ် သက် ပြီးတော့ ထောက်လှမ်းခဲ့တဲ့ အထဲမှာလည်း ကိုယ့်ရဲ့ ရဲဘော်တွေကိုပဲ ပြန်ပြီးအသုံးချခဲ့တာဖြစ်တဲ့အတွက် အရပ်သားပြည်သူတွေ ကျနော်တို့တိုက်ပွဲထဲမှာ မပါဘူး။ဟု Black Falcon Guerilla Forces တပ်ဖွဲ့ မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါတိုက်ခိုက်မူအား Black Falcon Guerilla Forces တပ်ဖွဲ့၊ ပြည်သူ့လွှတ်မြှောက်ရေးတပ်မတော် PLA ၊ မုံရွာခရိုင်အမှတ် ၂၄ တပ်ရင်း တပ်ခွဲ ၃ ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) – SRA တပ်ပေါင်းစုအဖွဲ့၀င် ၊ တိုက်နယ် ၅ ပလဖ ၊ ကနောင်မင်း သားကြီးတပ်ဖွဲ့ ၊ သွေးသောက်ညီကို တပ်ဖွဲ့ ၊Three Star တပ်ဖွဲ့ နှင့် နယ်မြေခံ အမေ့သားတပ်ဖွဲ့တို့ ပူပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့ တိုက်ပွဲအရှိန်မြင့်လာတဲ့အမျှ အနေအထိုင် လေးတွေဆင်ခြင်၊ အသွား အ လာ လေးတွေဆင်ခြင် ကြဖို့နဲ့ တိုက်ပွဲဧရိယာမျိုးမှာ ကျနော်တို့ ရဲဘော်တွေကို မြင်တွေ့ခဲ့တာ မျိုးပဲရှိ ရှိ၊ ဆုံခဲ့တာမျိုးပဲရှိရှိ သတင်း အချက်အလက်တွေ မပေါက်ကြားစေဖို့နဲ့ ကိုယ့်ရဲ့လုံခြုံရေးကို အထူးဂရု စိုက်ကြဖို့ မှာချင်ပါတယ်။” ဟု Black Falcon Guerilla Forces တပ်ဖွဲ့ မှ တာဝန်ရှိသူက တိုက်တွန်း ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article