26 C
Yangon

နွားထိုးကြီးတွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော မြဝတီရွာကို မီးဝင်ငြိမ်းသည့် အမျိုးသမီး တချို့ကို စစ်သားများက မုဒိမ်းပြုကျင့်၊ ကော့ကရိတ်တွင်လည်း စစ်တပ်က ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ဗုံးကျဲ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော မြဝတီရွာကို မီးဝင်ငြိမ်းသည့် အမျိုးသမီး တချို့ကို စစ်သားများက မုဒိမ်းပြုကျင့်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၇ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နွားထိုးကြီး မြို့နယ်၊ မြ၀တီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များကို ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်၍ မီးငြိမ်းသတ်ခဲ့သည့် အမျိုးသမီး တချို့ကို စစ်သားများက မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေ မီးရှို့တဲ့ မြဝတီရွာကတော့ ရွာလုံးကျွတ်ကို ပြာကျသွားတယ်။ အဲစစ်ခွေးတွေက ရွာထဲဝင်ပြီး မီးငြိမ်းတဲ့ အမျိုးသမီး တချို့ကိုလည်း မုဒိမ်းပြုကျင့်သွားတယ်လို့ ထပ်သိရတယ်။ စစ်ခွေးစစ်ကြောင်း မရှိတော့ဘူးထင်ပြီး ရွာထဲ ပြန်ဝင်မီးငြိမ်းကျတာလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် မြ၀တီကျေးရွာမှ ထွက်ခွာလာပြီး အနီးအနားရှိ ကျွန်းဒေါင့်ကျေးရွာနှင့် ဝက်လူးကျေးရွာတို့ကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် မြ၀တီရွာ ၊ ကျွန်းဒေါင့်ရွာ ၊ ဆေးခင်းကြီးရွာ ၊ ရွာသာအေးရွာ၊ ဝက်လူးရွာ၊ ဇီရွာ အောင်မြေစံရွာ ၊ အောင်ချမ်းသာရွာ ၊ မန်ကျီးကုန်းရွာ ၊ ပဲချက် ရှေ့ရွာ၊ ပဲချက် နောက်ရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ နောင်ကိုင်းကျေးရွာအုပ်စုဘက်ကိုလည်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ်ဗုံးကျဲ၍ မြေပြင်မှလည်း စစ်ကြောင်းထိုးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး ကော့ကရိတ်မြို့နယ်၊ နောင်ကိုင်းကျေးရွာအုပ်စုဘက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် ပစ်ခတ်ခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း၊ လက်ရှိချိန်ထိ ကျေးရွာနေပြည်သူများသည်လည်း ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်၍ နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် မြေပြင်တွင်လည်း နောင်ကိုင်းကျေးရွာအုပ်စုဘက်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးရန် အင်အား အများအပြားဖြည့်တင်း၍ စစ်ကြောင်းများ ထွက်လာခြင်းကြောင့် တိုက်ပွဲများ ပြင်းထန် လာနိုင်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“ကော့ကရိတ်ကတော့ ဒရုန်းနဲ့ ဗုံးကျဲနေတာ နေ့တိုင်းနီးပါးပဲ လက်နက်ကြီးတွေလည်း တောက်လျောက်ကို ပစ်နေတာ နောင်ကိုင်းကျေးရွာအုပ်စုထဲက နေအိမ်တွေဆို တော်တော်များများ ထိခိုက်ပျက်စီးထားတယ်လို့ သိရတယ်။ ပြည်သူတွေ ထိခိုက်တာမရှိပါဘူး။ အဲ့ဘက်တွေက စစ်ရှောင်နေရတာကြာပြီ မြေပြင်မှာလည်း စစ်ခွေးစစ်ကြောင်းက အင်အားဖြည့်တင်းပြီး ရှေ့တိုးလာတော့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်တိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article