26 C
Yangon

မြန်မာနိုင်ငံက ကုလသမဂ္ဂထံသို့ ပေးသွင်းရမည့် နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၃ သိန်းကျော်ကို NUG က ၃ နှစ်ဆက်တိုက် ပေးသွင်းနေပြီး မြန်မာကိုယ်စားလှယ်အဖွဲ့က ၂၀၂၆ ခုနှစ်အထိ မဲပေးခွင့် ဆက်လက်ရရှိဟု သံအမတ်ကြီးဦးကျော်မိုးထွန်း ပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မြန်မာနိုင်ငံက ကုလသမဂ္ဂထံသို့ ပေးသွင်းရမည့် နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၃ သိန်းကျော်ကို အမျိုးသားညီ ညွတ်ရေးအစိုးရ-NUG က ၃ နှစ်ဆက်တိုက် ပေးသွင်းနေပြီး မြန်မာကိုယ်စားလှယ်အဖွဲ့က ၂၀၂၆ ခုနှစ်အထိ မဲပေးခွင့် ဆက် လက် ရရှိထားကြောင်းဟု ကုလသမဂ္ဂ၏ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြန်ကြားရေးဖြစ်သော PVTV သတင်းဌာနမှတစ်ဆင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ကုလသမဂ္ဂရုံးထံသို့ နှစ်စဉ်ပေးသွင်းရမယ့် ငွေကြေးပမာဏကို အမျိုးသားညီညွတ်ရေးအစိုးရ က ပေးသွင်းနေကြောင်း၊ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာလုယူထားသည့် ၂၀၂၁ ခုနှစ် ကနေ ၂၀၂၅ ခုနှစ် အကုန်အထိ မြန်မာနိုင်ငံက မဲပေးခွင့် မဆုံးရှုံးရေးအတွက် ကုလသမဂ္ဂရုံးအဖွဲ့ထံသို့ နှစ်စဉ်ကြေး ၃ ကြိမ်ပေးသွင်းခဲ့ကြောင်း သိရှီရသည်။

“၂၀၂၁ ကနေ စပြီးတော့ ၂၀၂၅ အကုန်ထိ ကျနော်တို့ တက်နိုင်သမျှ မဲပေးခွင့် မဆုံးရှုံး ဖို့အတွက် တော်လှန်ရေးစပြီးတဲ့ အချိန်နောက်ပိုင်းမှာ ၃ ကြိမ်တိတိပေ့ါနော် ကုလသမဂ္ဂကို ပေးသွင်း ရမယ့် အနည်းဆုံးငွေပမာဏကို ကျနော်တို့ ပေးသွင်းခဲ့တာရှိပါတယ်။ ပထမ တကြိမ် ပေးသွင်းတုန်း ကတော့ အဖွဲ့ရုံးရဲ့ ရန်ပုံ ငွေအောက်မှာရှိတဲ့ ငွေထဲကနေပဲ ၃ သိန်းကျော်ကို ကုလသမဂ္ဂကို ပေးသွင်းခဲ့ တာ ရှိပါတယ်။ ပြီးတော့ ၂၀၂၄ မှာ တစ်ကြိမ်ပေးသွင်းခဲ့တယ်။ ၂၀၂၅ မှာ တစ်ကြိမ်ပေးသွင်းခဲ့တယ်။ ၂၀၂၄ မှာ ပေးသွင်းတာရယ် ၊ ၂၀၂၅ မှာ ပေးသွင်းတာရယ်က NUG ကနေ တဆင့် ပေးလာတဲ့ ပိုက်ဆံကို မြန်မာအဖွဲ့ရုံး နယူးယောက် အကောင့်ကနေပြီးတော့ ကုလသမဂ္ဂ ရုံးကိုပေါ့နော် ပေးရမယ့် အမောင့် ၃သိန်းကျော်ကို ကျနော်တို့ နှစ်စဉ်ပေးသွင်းခဲ့ပြီးဖြစ်တယ်။ ဒီ NUG က ပိုက် ဆံ ဆိုတာ ပြည်သူတွေက လှူတဲ့ပိုက်ဆံကနေပြီးတော့ ကုလသမဂ္ဂကို မဖြစ်မနေ ပေးသွင်းရတဲ့ မဲမဆုံးရှုံးဖို့ အတွက် မဖြစ်မနေ ပေးသွင်းရတဲ့ ပမာဏကို ပေးသွင်းခြင်း ဖြစ်တယ်ပေါ့နော်။ ဒါကြောင့် အခုလိုမျိုး ပေးသွင်းနိုင်ခြင်းကြောင့်လည်း အခုထိ မြန်မာကိုယ်စားလှယ် အဖွဲ့အနေနဲ့ ကုလသမဂ္ဂမှာ မဲပေးခွင့် ကို ၂၀၂၆ နှစ်ကုန်အထိ ဆက်ရရှိနေမှာ ဖြစ်ပါတယ်။” ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောဆိုသည။

ကုလသမဂ္ဂထံသို့ နှစ်စဉ်ပေးသွင်းရသည့် နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၃ သိန်းကျော်မှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပေးသွင်းရငွေ ပမာဏ နည်း ပါးသော်လည်း တော်လှန်ရေးကာလဖြစ်သည့်အတွက် လက်ရှိပေးသွင်းရငွေမှာ များပြားကြောင်း၊ ကုလသမဂ္ဂ၏ စည်းမျဉ်းများအရ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံက ၂ နှစ်ဆက်တိုက် ပေးသွင်းရမည့် အနည်းဆုံး ပမာဏကို မပေးသွင်းနိုင်လျှင် မဲပေးခွင့်ဆုံးရှုံးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တော် လှန်ရေးကာလမှ မဲပေးခွင့် မဆုံးရှုံးစေရန် အဘက်ဘက်က စဉ်းစား လုပ်ဆောင်ရခြင်းဖြစကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် မဲပေးခွင့်ရှိခြင်းက တော်လှန်ရေးအတွက် များစွာအထောက် အကူဖြစ်ပြီး မဲပေးနိုင်ခြင်းက အကြမ်းဖက်စစ်အုပ်စု၏ ကုလ သမဂ္ဂတွင် ကိုယ်စားပြုခွင့်ရရေး တောက်လျှောက်ကြိုးစားနေသည့် လုပ်ငန်း စဉ်ကို တဖက်တလမ်းမှ ပိတ်ပင်တားဆီးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ကုလသမဂ္ဂတွင် NUG ၏ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတည်ရှိနေမှုက တော်လှန်ရေး အတွက် များစွာအထောက်အကူဖြစ်ပြီး ကုလသမဂ္ဂတွင် အကြမ်းဖက်စစ်အုပ်စု၏ သတင်းမှား ၊ အချက်အလက်မှားများ တင်ပြနိုင်မှုကို ကာကွယ်တားဆီးထားနိုင်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးအနေဖြင့် အသုံးစာရိတ်များကို တဖြည်းဖြည်း လျော့ချအသုံးပြုနေပြီးတော့ မြန်မာပြည်သူများ၏ အသံ နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည်များကို ကမ္ဘာ့ကသိရှိစေရေး ကြိုးစားလုပ်ဆောင်နေကြောင်း သံအမတ်ကြီးက ထုတ်ဖော်ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article