30 C
Yangon

ဧရာ၀တီတိုင်းတွင် မြေသိမ်းမှုများ၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် နာမည်ဆိုးကျော်သူ ထွေ/အုပ် ဒုညွှန်ချုပ်ဟောင်းနှင့် ဒုဗိုလ်မှူးကြီးဟောင်း အေးကျော်ကို မင်းအောင်လှိုင်က ဝန်ကြီးချုပ်ခန့်အပ်

Must read

ရန်ကုန်၊ ဧပြီ ၁၆

ဧရာ၀တီတိုင်းတွင် မြေသိမ်းမှုများ၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် နာမည်ဆိုးကျော်သူ ထွေ/အုပ် ဒုညွှန်ချုပ်ဟောင်း အေးကျော်ကို မင်းအောင်လှိုင်က တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဧပြီလ ၁၀ ရက်နေ့တွင် ခန့်အပ်လိုက်သည်။

စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲမှတစ်ဆင့် ဧရာဝတီတိုင်း လွှတ်တော်ကိုယ် စားလှယ်အဖြစ် ပုသိမ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ အေးကျော် ကို လက်ရှိ တိုင်းဝန် ကြီးချုပ် တင်မောင်ဝင်းနေရာတွင် မင်းအောင်လှိုင်က အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အေးကျော်သည် စစ်မှုထမ်းဟောင်း၊ ထွေ/အုပ် ဒုညွှန်ချုပ်ဟောင်းဖြစ်ပြီး သဘောထားတင်းမာသူဖြစ်ကာ ဧရာ၀တီတိုင်းအစိုးရ အထွေထွေ အတွင်း ရေးမှူးလုပ်စဉ်က မြေသိမ်းမှု ၊ လာဘ်ပေးလာဘ်ယူမှုများစွာ ကျူးလွန်ခဲ့သူဖြစ်သည်။

အေးကျော်သည် ၁၉၇၉ ခုနှစ်တွင် ၁၀ တန်းအောင်မြင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ် စစ် တက္ကသိုလ်အပတ်စဉ် ၂၅ သို့ ရောက်ခဲ့သည်။ ဒုတိယဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဧရာ၀တီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး (တိုင်းမင်းကြီး/ဒုညွှန်ချုပ်) တာဝန်ဖြင့် ၆ နှစ်ခွဲ တာ ဝန်ထမ်းဆောင်ခဲ့သည်။

အေးကျော်သည် ၂၀၀၉ ခုနှစ်ဝန်းကျင်တွင် အနောက်တောင်တိုင်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ၏ ခေါ်ယူမှုဖြင့် တိုင်းထွေအုပ်မင်းကြီး ဖြစ်လာခဲ့ပြီး ထိုစဉ်ကတည်းက တိုင်းမှူး၏ အရှိန် အဝါဖြင့် ငွေဆောင်၊ ချောင်းသာဘက်တွင် မြေယာများကို စတင်သိမ်းယူခဲ့သည်။

၂၀၁၁ ခုနှစ် ဗိုလ်မှူးချုပ်ဟောင်း သိန်းအောင် ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဖြစ်လာသောအခါ သိန်းအောင်၏ အကာအကွယ်ဖြင့် ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ဥယျာဉ်ခြံမြေများကို ဟိုတယ်စီမံကိန်းအကြောင်းပြ၍ ဆက်တိုက်သိမ်းယူခဲ့သည်။

၎င်းသည် လာဘ်စားရာတွင် သေသပ်ပြီး အကွက်အကွင်းကောင်းသည့် မြေများကို မိသားစုနာမည်ဖြင့် လျှောက်ယူခြင်းတို့ဖြင့် ချမ်းသာလာခြင်းဖြစ်သည်။ ပုသိမ်မြို့ပေါ်ရှိ မဟာဗန္ဓုလလမ်းနှင့် ပုသိမ်-ရန်ကုန် လမ်းမကြီးတစ်လျှောက်တွင် ၎င်း၏ ဇနီးနှင့် သားများ အမည်ဖြင့် မြေကွက်များ လက်ညှိုးထိုးမလွဲရှိနေသည်။

ပုသိမ်မြို့တွင် လက်ရှိ အကောင်အထည်ဖော်နေသော အထင်ကရ Green Land အိမ်ရာ တွင်လည်း ၎င်း၏ ရှယ်ယာများ ပါဝင်သည်။ ထွေအုပ်မှ လာသူဖြစ်၍ ယစ်မျိုးလိုင်စင်အကြောင်း ကျွမ်းကျင်ပြီး အနိမ့်လိုင်စင်များကို ဝယ်ယူကာ အမြင့်လိုင်စင်များဖြင့် ပြန် လည်လျှောက်ယူ၍ ရောင်းစားလေ့ရှိသည်။

ဧရာ၀တီတိုင်းဝန်ကြီးချုပ် ရာထူးလုပွဲတွင် တင်မောင်ဝင်းမှာ ဒုဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သော်လည်း အေးကျော်၏ လာဘ်ငွေပေးနိုင်စွမ်းကို မယှဉ်နိုင်ခဲ့ပေ။

စစ်တက္ကသိုလ်အပတ်စဉ် DSA-25 ကျောင်းဆင်းဖြစ်သော အေးကျော်က တစ်ပတ်စဉ်တည်း ကျောင်းဆင်းဖြစ်သော အောင်လင်းဒွေးကို ချည်းကပ်၍ ဝန်ကြီးချုပ်ရာထူးကို ရအောင် ယူနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ တိုင်းဝန်ကြီးချုပ်ဖြစ်လာသော အေးကျော်၏ ဇနီးနှင့် သား ၂ ဦးတို့သည် အရက်၊ မူးယစ်ဆေးဝါး၊ လောင်းကစားနှင့် ကျောက်ထုတ်လုပ်ငန်း အစုံကို လုပ်ကိုင်နေကြသည်။

သားငယ်ဖြစ်သူ ရဲရင့်ကျော် မှာ ကျောက်ငူအနီးတွင် View Point အရက်ဆိုင်ဖွင့်ထားပြီး အရက်မှောင်ခို၊ ၂ လုံး/၃ လုံး ဘောပွဲဒိုင်အဖြစ် လုပ်ကိုင်သည်။ ၎င်းနှင့် စကားများသူကို လူမိုက်လွှတ်၍ ရိုက်နှက်ခိုင်းသည့်အထိ ရမ်းကားခဲ့သည်။ ၎င်း၏သားများသည် အရက်နှင့် လောင်းကစားလုပ်ငန်းများတွင် ရှယ်ယာများ ပါဝင်နေသည်။

ယခုအခါ ရက် ၁၀၀ စီမံကိန်းအဖြစ် လယ်ယာမြေပိုင်ဆိုင်မှု ပုံစံ ၇ များ ထုတ် ပေးမည်ဟု ပြည်သူကို အကြောင်းပြနေခြင်းမှာ ၎င်းတို့ တရားမဝင် သိမ်းထားသော မြေများကို တရားဝင်ဖြစ်အောင် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

မြေပုံဆွဲခပင် သိန်းချီပေးနေရသည့်အတွက် သာမန်လယ်သမားများမှာ ပုံစံ ၇ လုပ်ရန် မတတ်နိုင်ဘဲ အေးကျော်နှင့် ၎င်း၏ အပေါင်းအပါများအတွက်သာ မြေစျေးကစားရန်အတွက် လမ်းပွင့်သွားမည်ဖြစ်သည်။

မင်းအောင်လှိုင်က အေးကျော်ကို ဝန်ကြီးချုပ် ခန့်အပ်လိုက်ခြင်းကြောင့် ဧရာ ဝတီတိုင်းရှိ လယ်သမားများနှင့် မြေပိုင်ရှင်များအတွက် မြေသိမ်းမှုများထပ်မံ ကြုံတွေ့ လည်စင်းခံရမည့် အခြေအနေဖြစ်ပြီး၊ ဒုစရိုက်သမားများနှင့် လောင်း ကစားသမားများအတွက်မူ အလုပ်ကောင်းမည့် ပွဲတော်ရက်များ ဖြစ်လာတော့မည်ဖြစ်ကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းနှင့် ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article