ရန်ကုန်၊ ဧပြီ ၂၄
မြန်မာစစ်တပ်၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော DKBA ထိန်းချုပ်ရာ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကျောက်ခက်ဒေသအတွင်း အခြေစိုက်သည့် “ထိုက်ချန်း” (Tai Chang) ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများ၏ ငွေကြေး စီးဆင်းမှုကွန်ရက်ကို ဖြတ်တောက်နိုင်မည့် သတင်းအချက်အလက်များအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးအပ်မည်ဖြစ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ဥပဒေစိုးမိုးရေးဗျူရို (INL) သည် တရားရေးဝန်ကြီးဌာန၏ “ငွေလိမ်ဂိုဏ်းနှိမ်နင်းရေး အထူးအဖွဲ့” (Scam Center Strike Force) ကို ကူညီပံ့ပိုးသည့်အနေဖြင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများအား အရေးယူရေး ဆုကြေးအစီအစဉ် (TOCRP) အရ ဤဆုကြေးကမ်းလှမ်းချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။
အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်အရ “ထိုက်ချန်း” (Tai Chang) အမည်ရသည့် အွန်လိုင်းငွေလိမ်စခန်း ၃ ခုသည် ကရင်ပြည်နယ်အတွင်းရှိ ကျောက်ခတ် ကာစီနို သို့မဟုတ် ကိုစိုင်းစခန်း၊ ထိုက် သို့မဟုတ် ချန်းစုန်းစခန်းများတွင် အခြေစိုက်နေကြောင်း သိရှိရသည်။
အဆိုပါ စခန်းများ၏ တည်နေရာများကို အမေရိကန်အစိုးရက ဖော်ပြထားရာတွင် Tai Chang 1.0 မှာ ကျောက်ခတ် ကာစီနို သို့မဟုတ် ကိုစိုင်းစခန်းတွင်ဖြစ်ပြီး GPS ကိုဩဒိနိတ် အားဖြင့် 16.467242N, 98.648357E နှင့် 16.472469N, 98.645868E တွင်လည်းကောင်း၊ ဒုတိယစခန်းဖြစ်သော Tai Chang 2.0 (ထိုက် သို့မဟုတ် ချန်းစုန်းစခန်း) GPS ကိုဩဒိနိတ်အားဖြင့် 16.425472, 98.635806 တွင်လည်းကောင်း နှင့် တတိယစခန်းဖြစ်သော Tai Chang 3.0မှာ GPS ကိုဩဒိနိတ်အားဖြင့် 16.491389, 98.589722 တည်ရှိကြောင်း သိရှိရသည်။
အဆိုပါစခန်းများသည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားကာ အထူးသဖြင့် ခရစ်ပတို (Cryptocurrency) ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများမှတစ်ဆင့် ငွေကြေးခဝါချမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
အရှေ့တောင်အာရှအခြေစိုက် ငွေလိမ်ဂိုဏ်းများကြောင့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားများသည် ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း၊ ထို့ကြောင့် အမေရိကန်အစိုးရသည် ယခုကဲ့သို့ ဆုကြေးကမ်းလှမ်းမှုများအပြင် အခြားသော ပြတ်သားသည့် အရေးယူမှုများကိုလည်း တပြိုင်နက်တည်း လုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကျားဖြန့် ငွေလိမ်စခန်းဖွင့်ထားသည့် တရုတ်နိုင်ငံသားနှစ်ဦးကို တရားစွဲဆိုခြင်း၊ လူကုန်ကူးရာတွင် အသုံးပြုနေသည့် Telegram Channel များနှင့် လိမ်လည်ရာတွင် အသုံးပြုသည့် ဝဘ်ဆိုဒ်ပေါင်း ၅၀၃ ခုကို သိမ်းဆည်းခြင်း၊ ကမ္ဘောဒီးယားနိုင်ငံရှိ ငွေလိမ်စခန်းများကို ထိန်းချုပ်ထားသည့် အထက်လွှတ်တော်အမတ် Kok An နှင့် ၎င်း၏ ကွန်ရက်ကို ဒဏ်ခတ်ပိတ်ဆို့ခြင်း လုပ်ဆောင်လိုက်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန် ကြေ ညာသည်။
အကယ်၍ အဆိုပါ “ထိုက်ချန်း” ငွေလိမ်စခန်းများ၏ ငွေကြေးခဝါချမှုနှင့် ဆက်နွှယ်သော ရန်ပုံငွေများကို သိမ်းဆည်းနိုင်ရန် သတင်းပေးပို့လိုပါက FBI ထံသို့ အီးမေးလ် [email protected] မှတစ်ဆင့်ဖြစ်စေ၊ အနီးဆုံး အမေရိကန်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများသို့ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း၊ သတင်းပေးပို့သူ၏ အချက်အလက်အားလုံးကို အထူးလျှို့ဝှက်ထားရှိမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက အာမခံထားကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်နှင့် အပစ်ရပ်ထားသော DKBA က လက်ရှိ မြ၀တီမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အပါအဝင် ကရင်ပြည်နယ်အတွင်း ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို လက်ခံကာ ယင်းလုပ်ငန်းများထံမှ အကျိုးအမြတ်ရယူလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- DKBA အဖွဲ့နှင့် မြန်မာဘက်အခြမ်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းအ ဆောက် အအုံများ။ (ပုံအဟောင်းများကို အသုံးပြုထားပါသည်။)






