ရန်ကုန်၊ ဧပြီ ၂၇
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်က ကျေးရွာများကို ဆက် တိုက်မီးရှို့နေသဖြင့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ ယနေ့ ဧပြီလ ၂၇ ရက်နေ့အထိ တောင်သာမြို့နယ်ရှိ ဆည်ကုန်းရွာ၊ ထန်းပင်ကုန်းတောရိုး၊ သံချေးကုန်းရွာ၊ ရုံးစည်ကြီးရွာ၊ သံဘိုရွာဘုန်းကြီးကျောင်း၊ စုံတောမြိုင်တောရိုးနှင့် ကျော်မက်ကန်တောရိုးရှိ နေအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်စစ်ကြောင်းကြောင့် လက်ရှိအချိန်အထိ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်ပျက်စီးမှုအခြေအနေကို အတည်မပြုနိုင်သေးပေ။ စစ်တပ်စစ်ကြောင်းသည် ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများ ပြုလုပ်နေသောကြောင့် စစ်ကြောင်းအနီးသို့ သွားလာခြင်းမပြုရန် တော်လှန်ရေးအင်အားစုများက အသိပေးနှိုးဆော်ထားသည်။
“စစ်ခွေးတွေက နေအိမ်တွေကို မီးရှို့လိုက်၊ သူတို့တပ်စွဲထားတဲ့နေရာကို ပြန်လိုက်နဲ့ အဲလိုလှည့်ပတ်ပြီး စစ် ကြောင်းထိုးနေတာ။ ပြည်သူတွေလည်း ရွာတွေထဲကို ပြန်မဝင်ရဲသေးဘူး။ စစ်ခွေးတွေက ရွာတွေကို ရုတ်တရက်ဝင်ဝင်ပြီး မီးရှို့တာတွေ လုပ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကပစ-၂၂ မှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ပုသိမ်-မုံရွာလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့်မိုင်းများ နင်းမိသဖြင့် စစ်ကြောင်းမှူးအပါအဝင် စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဆိပ်ဖြူမြို့နယ်ရှိ ကပစ-၂၂ မှ အင်အား ၃၀၀ ခန့်ဖြင့် ထွက်ခွာလာသော အကြမ်း ဖက်စစ်တပ်စစ်ကြောင်းသည် ဆိပ်ဖြူမြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ပုသိမ်-မုံရွာလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကြောင်းမှူးအပါအဝင် စစ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းနင်းမိပြီး အထိနာခဲ့သော စစ်ကြောင်းသည် ဧပြီလ ၂၃ ရက်နေ့တွင် ဆိပ်ဖြူ ကပစ-၂၂ အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး ပုသိမ်-မုံရွာလမ်းပိုင်းကို ထပ်မံစစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။
“ဧပြီ ၂၂ ရက်နေ့က ကပစ-၂၂ ကနေ ပုသိမ်-မုံရွာလမ်းပိုင်းအတိုင်း ထွက်လာတဲ့ ခွေးစစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့မိုင်း နင်းမိပြီး စစ်ကြောင်းမှူးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ သေဆုံးမှုတွေလည်း ရှိနိုင်ပေမဲ့ အတိအကျတော့ မသိရသေးဘူး။ အဲဒီစစ်ကြောင်းက ၂၃ ရက်နေ့မှာ ကပစ-၂၂ ထဲ ပြန်ဝင်သွားတယ်။ ပုသိမ်-မုံရွာလမ်းပိုင်းဘက်ကို ထပ်ပြီး စစ်ကြောင်းထိုးဖို့လည်း ပြင်ဆင်နေတယ်။ ဆိပ်ဖြူ-ပေါက်လမ်းနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းတွေကိုတော့ စစ်ရေးအရ လုံးဝပိတ်ဆို့ထားပါတယ်။ ပြည်သူတွေအနေနဲ့ နယ်မြေခံအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးမှ သွားလာကြဖို့နဲ့ လမ်းပိုင်းပြန်ဖွင့်ပြီလို့ သတင်းထုတ်ပြန်ထားတာမျိုးမရှိဘဲ သွားလာလို့ တစ်စုံတစ်ရာဖြစ်လာရင် ကျွန်တော်တို့ တာဝန်ယူမှာမဟုတ်ဘူးလို့ ပြောချင်ပါတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- စစ်တပ်က ပြည်သူများနေထိုင်သော နေအိမ်များနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




