ရန်ကုန်၊ ဧပြီ ၂၇
တနင်္သာရီတိုင်း၊ သရက်ချောင်း (ကစယ်ဒို) မြို့နယ်၊ ပေါခလိုးမြစ်ဝှမ်းဒေသကို ဌာနနေလူမျိုးများ ကိုယ်တိုင် စီမံခန့်ခွဲသွားမည်ဟု တရားဝင်ကြေညာလိုက်ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
ဧပြီလ ၂၂ ရက် နေ့မှ ၂၄ ရက်နေ့က ကော်သူးလေနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်း (ကစယ်ဒို) မြို့ နယ်၊ ပေါခလိုးမြစ်ဝှမ်းဒေသအတွင်းနေထိုင်ကြသည့် ဒေသခံဌာနေလူမျိုးစုများက သမိုင်းဝင်အခမ်းအနား၏ ပထမဆုံးနေ့ဖြစ်သော ဧပြီလ ၂၂ ရက်နေ့တွင် မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲ သွားမည့် ပေါခလိုးဌာနေလူမျိုးစုတို့ ထိန်း သိမ်း နယ်မြေကို ကမ္ဘာသို့ တရားဝင်စုပေါင်း ကြေညာ လိုက်ခြင်းဖြစ်ကြောင်း KNU ဗဟိုက အသိပေးထားသည်။
“အခုကြေညာချက်က သရက်ချောင်းမြို့နယ်တစ်ခုလုံးနဲ့မဆိုင်ဘူး။ ကျနော်တို့ KNU ထိန်းချုပ်တဲ့ နယ်မြေထဲမှာ ကစယ်ဒိုမြို့နယ်အတွင်းထဲမှာ ပေါ့ခလိုးဒေသ၊ မြန်မာလိုဆိုရင် ဘားချောင်းဒေသ ပေါ့နော်၊ အဲဒီမှာ ကရင်ရွာ ၂၄ ရွာရှိတယ်။ အဲဒီရွာတွေမှာနေတဲ့သူတွေကို ကျနော်တို့ ဌာနေတိုင်း ရင်းသားလို့ သတ်မှတ်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီဒေသမှာ သူတို့က ဟိုးခေတ်အဆက် ဆက်ဘိုးဘွားဘီဘင်ကတည်းက နေထိုင်တဲ့နယ်မြေဖြစ်တယ်။ ဘာဖြစ်လို့ တိုင်းရင်းသား သဘာဝ ထိန်းသိမ်းရေးနယ်မြေလို့ သတ်မှတ်ရတာလည်း ဆိုတော့ ဟိုးခေတ်အဆက်ဆက်ကတည်းက ကျ နော်တို့ ကရင်လူမျိုးတွေက ဓလေ့ထုံးတမ်းအရ သဘာဝအရင်းအမြစ်တွေ၊ တော တောင်မြစ်ချောင်း နဲ့ တောရိုင်းတိရစ္ဆာန်တွေကို စနစ်တကျ စီမံခန့်ခွဲတယ်။ ထိန်းကြတယ်။ ခေတ်အဆက်ဆက် ကနေ စီမံခန့်ခွဲလာတဲ့အတွက်ကြောင့် ဒီသစ်တော၊ချောင်းတွေ၊ သဘာဝအရင်းအမြစ်တွေဆက်ရှိ နေတာ ပေါ့၊ အရင်အစိုးရ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုအောက်မှာ အမြဲတမ်းခြိမ်းခြောက်မှုရှိတယ်။ ဘာဖြစ် လို့ လည်းဆိုတော့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို သူတို့က အသိအမှတ် မပြုဘူး။ သူ တို့ ပြည်ထောင်စုအစိုးရက ဟိုးနေပြည်တော်ကနေပြီးတော့ စီမံကိန်းတစ်ခုခု ချပေးမယ်ဆိုရင် သော် လည်းကောင်း၊ ရင်းနှီးမြှုပ်တစ်ခုခု ခွင့်ပြုပေးမယ်ဆိုရင် သူတို့ပဲ ဒီမြေကို ကြီးကြပ်တယ်။ ပြီးတော့ ပေးတယ်။ အဲဒီမြေပေါ်မှာနေတဲ့ ပြည်သူတွေလူတွေ၊ ဌာနေတိုင်းရင်းသားတွေကို မြေပိုင်ဆိုင်ခွင့် ဘာ မှအသိအမှတ်မပြုဘူး။ သူတို့သတ်မှတ်ထားတာက မှတ်ပုံမတင်ထားတဲ့မြေတွေကို မြေလွတ် မြေရိုင်း ဖြစ်တယ်။ အဲဒါကြောင့် ဒီကြေ ညာချက်ဟာ သူတို့ ထုတ်ပြစေချင်တာက ဒီနယ်မြေတွေ၊ ဒီ မြေတွေ က ပိုင်ရှင်ရှိတယ်။ ဌာနေတိုင်းရင်းသားတွေက ခေတ် အဆက်ဆက်နေထိုင်ကြတယ်။ သူတို့ စီမံခန့်ခွဲ တယ်။ အဲဒါကြောင့် ရေရှည်တည်တံ့ခိုင်မြဲတယ်။ ဘယ်အစိုးရဖြစ်ဖြစ် အဲဒီဌာနေတိုင်းရင်း သားတွေရဲ့ အခွင့်အရေးတွေကို အသိအ မှတ်ပြုရမယ်။ စီမံ ကိန်းတစ်ခုခု ဖော်ဆောင်တဲ့အခါသော်လည်း ကောင်း၊ နိုင်ငံတော်က စီမံကိန်းတစ်ခုခုဖော်ဆောင်တဲ့ အခါ သော်လည်းကောင်း သူတို့က ပိုင်ရှင်တွေ၊ ဌာနေ တိုင်းရင်းသားတွေကို အသိအမှတ်ပြုရမယ်။ သူတို့ရဲ့ သဘောထားတွေ၊ သူတို့ရဲ့ခွင့်ပြုချက်တွေကို လေးစားရမယ်။ သူတို့ခွင့်ပြုမှာသာ သူတို့နား လည် လက်ခံမှာသာ ဒီစီမံကိန်းကို ဖော်ဆောင်လို့ ရမယ်။ အဲဒီအတွက်ကို ဒီဌာနေ တိုင်းရင်းသားတွေက ကျေးရွာတွေစုပေါင်းပြီးတော့ သဘာဝအရင်း အမြစ်ကို သူတို့စီမံခန့်ခွဲမယ်။ ထိန်းသိမ်းမယ်လို့ ပြောတာဖြစ်ပါတယ်။” ဟု ကေအဲန် ယူ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးဖြစ်သူ ပဒိုစောအယ်နားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါကြေငြာချက်သည် မွေးရာပါ ကိုယ်ပိုင်ပြဌာန်းခွင့်၊ မိမိဘိုးဘွားမြေယာများနှင့် ရေအရင်းအမြစ်တို့ အား ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်၊ အားလုံးက ကြိုးပမ်းဖေါ်ဆောင်နေသော ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ရိုးရာယဉ်ကျေးမှုရှင်သန်ရေး နှင့် သဘာဝပတ်ဝန်းကျင်တစ်ခုလုံးကျန်းမာရေး၊ စသည် တို့အား ခိုင်မာစွာ ပြသခြင်းဖြစ်ကြောင်း၊ ပေါခလိုး ဌာနေလူမျိုးစုတို့ထိန်းသိမ်းနယ်မြေသည် သက်ရှိ နယ် မြေတစ်ခုဖြစ်ပြီး ဒေသခံဌာနေ လူမျိုးစုများမှ မျိုးဆက်အဆက်ဆက် စီမံအုပ်ချုပ်လာသည့် နယ် မြေဒေသဖြစ်သည်ဟု ဆိုသည်။
ပေါခလိုး ဌာနေလူမျိုးစုတို့ထိန်းသိမ်းနယ်မြေသည် မြစ်ချောင်း၊ သစ်တော၊ တောင်တန်း၊ စိုက်ပျိုးမြေ ယာ နှင့် အထွတ် အမြတ်ထားရာနယ်မြေဒေသများကို လွမ်းခြုံသည့် အကျယ်အဝန်း ၃၅၈,၄၉၃ ဧက (၁,၄၅၁ စတုရန်းကီလိုမီတာ) ရှိသော ဒေသတစ်ခုဖြစ်ပြီး ယင်းနယ်မြေတွင် ရွာ ၂၄ ရွာနှင့် လူဦး ရေ ၁၁,၅ဝဝ ကျော် နေထိုင်လျက်ရှိကြောင်း၊ လူနေမှုဘဝ၊ လူမျိုးလက္ခဏာနှင့် ယဉ်ကျေးမှုတို့သည် နယ် မြေနှင့် ဆက်နွှယ်လျက်ရှိကြောင်း သိရသည်။
ထိရောက်ပြီး ပြည်သူပါဝင်မှုရှိသောဒီမိုကရေစီလုပ်ငန်းစဉ်မှတဆင့် ဒေသခံလူထု ၄,၆၂ ဦး (မဲပေး ခွင့်ရှိသူ အရွယ် ရောက်သူစုစုပေါင်း၏ ၈၈ %) တို့၏ သဘောတူလက်မှတ်ထိုးထောက်ခံမှုနှင့်အတူ ယင်းနယ်မြေ ၏အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှစ်အတန်ကြာလုပ်ဆောင်လာခဲ့သော ဆွေးနွေးညှိနှိုင်းမှု၊ အဖက်ဖက် ပါဝင်ဆုံးဖြတ်မှု၊ သက်ဆိုင်သူ အားလုံးပါဝင်လုပ်ဆောင်သည့်သုတေသနနှင့်နယ်မြေသတ်မှတ်မှု စသည်တို့အပေါ် အခြေခံသည့် ပေါခလိုးဌာနေလူမျိုးစုတို့ထိန်းသိမ်းနယ်မြေ၏ အခြေခံဥပဒေသည် ဌာနေကရင်လူမျိုးစုတို့၏ သ ဘာဝ ဆိုင်ရာ အသိပညာများအပေါ်အခြေခံသည့်အုပ်ချုပ်ရေးစနစ်ကို ချမှတ်ပေးသကဲ့သို့ ကျားမ တန်းတူရေး၊ အနာဂတ်မျိုး ဆက်များအတွက် လက်ရှိမျိုးဆက်မှလုပ်ဆောင်ရမည့် တာဝန်နှင့် ဝတ္တရား၊ မိမိနယ်မြေဒေသအရေးနှင့် စပ်လျဉ်းပြီး လူမှုအသိုင်း အဝိုင်းကိုယ်တိုင်ပါဝင် ဆုံးဖြတ်ခွင့်၊ စသည်တို့ကို အာမခံထားကြောင်း သိရသည်။
ဆယ်စုနှစ်များစွာ ရင်ဆိုင်လာရသည့် မြေယာသိမ်းပိုက်မှု၊ စစ်ရေးလှုပ်ရှားမှု၊ နှင့် ဒေသခံများ၏သ ဘောထား မပါဘဲ လုပ်ဆောင်သောဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အထူးသဖြင့် ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်ရေးသ ဘော တူစာချုပ် လက်မှတ်ထိုးမှုအပြီး နယ်မြေအတွင်း အလုံးအရင်းနှင့်ဝင် ရောက်လာသည့် ထိခိုက်ပျက်စီမှုများစေသော စီမံကိန်းများ၊ စသည်တို့အား တုံ့ပြန်ခုခံဆန့်ကျင်သည့် အနေဖြင့် ပေါခလိုးဌာနေလူမျိုးစုတို့ထိန်းသိမ်းနယ်မြေကို ကြေငြာခြင်းဖြစ်သည်ဟု ဆိုသည်။
လမ်းမစီမံကိန်း၊ မြေအောက်သယံဇာတတူးဖေါ်ရေး၊ နှင့်အခြားသောသဘာဝအရင်း အမြစ်ထုတ်ယူ ရောင်းချရေးတို့သည် မြစ်ချောင်း၊ သစ်တော၊ အသက်မွေးဝမ်းကျောင်းစနစ်နှင့် အထွတ်အ မြတ်ထား ရာ နေရာဒေသများအပေါ်ကြီးမားစွာခြိမ်းခြောက်လျက်ရှိကြောင်း၊ ဘိုးဘွားမြေယာကို လက်လွတ် ဆုံး ရှုံးပေးရမည့်အစား (သို့မ ဟုတ်) ဖျက်ဆီးခံပေးရမည့်အစား မိမိတို့၏ ဓလေ့ထုံးတမ်းဥပဒေ၊ ဌာ နေ အသိပညာ၊ နှင့် ဓလေ့ထုံးတမ်းကျင့် ဝတ်များဖြင့် နယ်မြေကို စီမံအုပ်ချုပ်ကာကွယ်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
၂၀၁၅ ခုနှစ် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်သဘောတူညီချက်အပြီး တိုးပွားလာခဲ့သောလမ်းတည်ဆောက် ရေး၊ သတ္တုတူးဖော်ရေး စသည့်ဒေသခံများ၏သဘောထားမပါဘဲလုပ်ဆောင်ခဲ့သော ဖွံ့ဖြိုး ရေးလုပ် ငန်းများကြောင့် ဖြစ်ပေါ်လာသော မြေယာသိမ်းပိုက်မှုများ၊ စစ်ရေးလှုပ်ရှားမှုများနှင့် သဘာဝ ပတ် ဝန်းကျင် ပျက်စီးမှုများကို တုံ့ပြန်လာကာ PIST ကို ကြေညာကြောင်း၊ ဘိုးဘွားအမွေဆိုင်ရာ မြေများ ကို ဆုံးရှုံးစေရန် သို့မဟုတ် ဖျက်ဆီးခံရစေရန် မသတ်မှတ်ဘဲ ရိုးရာဥပဒေများ၊ ဒေသခံအသိပညာနှင့် မျှဝေထားသော တန်ဖိုးများအပေါ် အခြေခံကာ ကိုယ် တိုင် အုပ်ချုပ်စီမံရန် ရွေးချယ်ခဲ့ကြောင်း အသိ ပေးထားသည်။
ပေါခလိုးဌာနေလူမျိုးစုတို့ထိန်းသိမ်းနယ်မြေသည် စာရွက်ပေါ်ရှိကြေငြာချက်တစ်ခုသာမဟုတ် ကြောင်း၊ သစ် တောနှင့်မြစ် ချောင်းများရှင်သန်ရေးအတွက် ဒေသခံအသိုင်းအဝိုင်းကိုယ်တိုင်က စီမံ ခန့်ခွဲနေသော ကျေးရွာပိုင်ဘုံသစ်တော ၁၁ ခုနှင့် ငါးထိန်းသိမ်းရေးဒေသ ၁၅ ခု၊ ထို့အပြင် ရိုးရာယုံ ကြည်မှုအရ အထွက်အမြတ်ထားသော သစ် တော၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေး၊ သစ်တောနှင့် ရောနှော စိုက်ပျိုးသော ဥယျာဉ်ခြံမြေများ၊ စသည်တို့နှင့် ပြည့်စုံနေသည့် သက်ရှိနယ်မြေတစ်ခုဖြစ် ကြောင်း ဆက်လက်၍ အသိပေးထားသည်။
အဆိုပါ လုပ်ဆောင်မှုများသည် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် အလိုက် အ ထိုက် နေ ထိုင် ရှင်သန်နိုင်ရေး၊ လက်ရှိနှင့် အနာဂတ်မျိုးဆက်တို့၏ ဘဝကောင်းစားရေးတို့အတွက် အ ရေးပါသည့် ဌာနေလူမျိုးစုတို့၏ တာဝန်ယူကြည့်ရှုစောင့်ရှောက်မှုကို ပြသသည်ဟု ဆိုသည်။
“သစ်တောနဲ့ကျွန်တော်တို့ဟာ ခွဲလို့မရဘူး။ တောရိုင်းတိရစ္ဆာန်တွေကိုလည်း ကျွန်တော်တို့ခွဲထားလို့ မရဘူး။ သူတို့အစား အစာရှာဖို့နဲ့ မိတ်လိုက်တိုးပွားဖို့ တစ်နေရာကနေတစ်နေရာကို သွားလာနိုင်ရ မယ်။ ကျွန်တော်တို့လူ သားတွေလည်း စိတ်ဝမ်းကွဲလို့မဖြစ်ဘူး။ စည်းလုံးညီညွတ်စွာနဲ့ အတူရှင်သန် နေ ထိုင်ရမယ်။ သဘာဝပတ်ဝန်း ကျင်နဲ့လည်း ကျွန်တော်တို့ ခွဲလို့မရဘူး။ သစ်တော၊ သဘာဝပတ် တန်းကျင်တွေနဲ့ ကျွန်တော်တို့ယှဉ်တွဲနေထိုင်ရမယ်။ ဒါကြောင့် ကျွန်တော်တို့ ကေအဲန်ယူ မြိတ်-ထား ဝယ်ခရိုင်အနေနဲ့ ပေါခလိုးဌာနေလူမျိုးစုတို့ထိန်းသိမ်းနယ်မြေကို ဝမ်းသာအားရ ကြိုဆိုထောက်ခံပါတယ်။ ဒီနယ်မြေကလည်း ကျွန်တော်တို့လက်ရှိအကောင်အထည်ဖေါ်လုပ်ဆောင်နေတဲ့ ကစယ်ဒို ထိန်းသိမ်းနယ်မြေရဲ့ အစီအစဉ်နဲ့အိမ်မက်ကို အားဖြည့်ပေးတဲ့အရာတစ်ခုဖြစ်ပါတယ်။” ဟု ကေအဲန် ယူ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးဖြစ်သူ ပဒိုစောအယ်နားက ပြောဆိုသည်။
အနာဂတ်မျိုးဆက်များအတွက် ဘိုးဘွားများမှ မျိုးဆက်ပေါင်းများစွာ ကာကွယ်စောင့်ရှောက်လာပြီး လက်ထဲသို့ ယုံကြည်စွာ လက်ဆင့်ကမ်းအပ်နှံခဲ့သည့် ပေါခလိုးဌာနေလူမျိုးစုတို့ထိန်းသိမ်းနယ်မြေ အား သက်ရှိတို့နေထိုင်ရာ၊ သဘာဝနှင့်လူသားအကြား အပြန်အလှန်မှီခိုစောင့်ရှောက်ခြင်းများပြည့် စုံရာ၊ ဂုဏ်သိက္ခာကို ကိုယ်စားပြုရာ၊ မိမိနယ်မြေဒေသနှင့်သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းတာဝန် ယူစောင့်ရှောက်ခြင်းများရှိရာ၊ နယ်မြေ တစ်ခုအဖြစ် ယနေ့မှစ၍ ကြေညာလိုက်ကြောင်း ထုတ်ပြန် ထားသည်။






