28 C
Yangon

မြန်မာနိုင်ငံမြောက်ပိုင်း UWSA နှင့် MNDAA ထိန်းချုပ်ထားသော နေရာများတွင် မြေရှား၊ ရွှေနှင့်သတ္တုများ အဆင်အခြင်မဲ့ တူးဖော်မှုများကြောင့် အာရှ၏ အရှည်လျားဆုံး သဘာဝ သံလွင်မြစ်ကြီး အဆိပ်သင့်ညစ်ညမ်း

Must read

By Gerald Flynn / Mongabay

မြန်မာနိုင်ငံမြောက်ပိုင်း UWSA နှင့် MNDAA ထိန်းချုပ်ထားသော နေရာများတွင် မြေရှား၊ ရွှေနှင့်သတ္တု အဆင်အခြင်မဲ့ တူးဖော်မှုများကြောင့် အာရှ၏ အရှည်လျားဆုံး သဘာဝ သံလွင်မြစ်ကြီး ညစ်ညမ်းနေကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာများကို အဓိကထား တင်ဆက်နေသည့် လွတ်လပ်သော သတင်းဌာနဖြစ်သော Mongabay ၏ ဖော်ပြချက်အရ သိရှိရသည်။

တိဗက်ကုန်းပြင်မြင့်မှ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ လွတ်လပ်စွာ စီးဆင်းနေပြီး အာရှ၏ အရှည်လျားဆုံး သဘာဝမြစ်ကြီးဖြစ်သည့် သံလွင်မြစ်အတွင်း အဆိပ်သင့် အာဆင်းနစ်ဓာတ်များ စံချိန်တင် ညစ်ညမ်းနေကြောင်း သုတေသနပြုချက်များအရ သိရှိရသည်။

အဆိုပါအခြေအနေကြောင့် မြစ်ကြောင်းတစ်လျှောက် မှီတင်းနေထိုင်ကြသည့် တံငါသည်များ၊ တောင် သူလယ်သမားများနှင့် ကျေးရွာသားများမှာ ကြီးမားသည့် ကျန်းမာရေးဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။

မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ သံလွင်မြစ်ရေကို စစ်ဆေးကြည့်ရာတွင် မမျှော်လင့်ထားလောက်အောင် ဆိုးရွားသည့် အာဆင်းနစ်ဓာတ်များကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ညစ်ညမ်းမှုသည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ အထူးသဖြင့် လျှပ်စစ်ကားနှင့် နည်းပညာပစ္စည်းများတွင် အသုံးပြုသည့် ရှားပါးသတ္တု (Rare Earth) တူးဖော်ရေးလုပ်ငန်းများကြောင့် ဖြစ်နိုင်သည်ဟု ပညာရှင်များက သံသယရှိနေကြသည်။ သို့သော် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ သတ္တုတူးဖော်ရေးကို ထိန်းချုပ်ထားသူများက ယင်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိဘဲ ဖုံးကွယ်ထားကြသည်။

သံလွင်မြစ်ကို သောက်သုံးရေ၊ ချိုးရေနှင့် စိုက်ပျိုးရေးအတွက် အားထားနေရသည့် ဒေသခံများမှာ အဆိုပါ ညစ်ညမ်းမှုသတင်းကို အစိုးရဌာနများထံမှ တရားဝင်သိရှိရခြင်းမရှိဘဲ တစ်ဆင့်စကားဖြင့်သာ ကြားသိနေရသဖြင့် သတင်းအချက်အလက် ရရှိမှု အလွန်နည်းပါးနေသည်။

မြစ်ရေညစ်ညမ်းနေသည်ကို သိရှိသူများမှာ ငါးဖမ်းရန်နှင့် စိုက်ပျိုးရန် ကြောက်ရွံ့နေကြပြီး ဖမ်းမိသည့် ငါးများကိုလည်း ရောင်းချရန် ခက်ခဲနေသည်။

ကျန်းမာရေး ဘေးထွက်ဆိုးကျိုးများမှာ အာဆင်းနစ်အဆိပ်သင့်မှုကြောင့် အရေပြားပေါ်တွင် အနာများဖြစ်ခြင်းနှင့် အရေပြားကင်ဆာ ဖြစ်ပွားနိုင်သည့် အန္တရာယ်များ ရှိနေသည်။ ဒေသခံအချို့မှာ ဘေးလွတ်ရာမှ ဈေးကြီးပေးဝယ်ရသည့် အစားအစာနှင့် ရေသန့်များကိုသာ အားကိုးနေရသဖြင့် စားဝတ်နေရေး ပိုမိုကျပ်တည်းလာသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် တစ်ဦးက သံလွင်မြစ်သည် ယခင်က အသန့်ရှင်းဆုံး မြစ်စနစ်တစ်ခုအဖြစ် ယူဆခဲ့ကြသော်လည်း ယခု စစ်ဆေးချက်များကြောင့် ထိုယူဆချက် ပျက်ပြားသွားခဲ့ရကြောင်း ပြောကြားခဲ့သည်။

ရှားပါးသတ္တုများအပေါ် ကမ္ဘာ့ဝယ်လိုအား မြင့်တက်လာသော်လည်း ယင်းတူးဖော်မှုများကြောင့် မြစ်ဖျားခံရာ ဒေသရှိ လူသားများနှင့် ဂေဟစနစ်ကို ဖျက်ဆီးခွင့် မပြုသင့်ကြောင်းနှင့် ဒေသခံများကို ကာကွယ်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း သူမက ထပ်လောင်း ပြောကြားခဲ့သည်။

ယခု ညစ်ညမ်းမှုသည် သံလွင်မြစ်နှင့် ဆက်စပ်နေသည့် ထိုင်းနိုင်ငံအတွင်းရှိ ကုတ် (Kok)၊ ဆိုင် (Sai) နှင့် ရုအက် (Ruak) မြစ်များအထိပါ ပျံ့နှံ့နေပြီဖြစ်ကြောင်း ၊ထိုင်းနိုင်ငံရှိ ကုတ် (Kok)၊ ဆိုင် (Sai) နှင့် ရုအက် (Ruak) မြစ်များအတွင်း အဆိပ်သင့်စေသော ညစ်ညမ်းပစ္စည်းများ အဆမတန် မြင့်မားနေသည်ကို သုတေသီများ တွေ့ရှိခဲ့ပြီးနောက်၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် သံလွင်မြစ်ကို သီးခြားလွတ်လပ်စွာ စစ်ဆေးမှုများ စတင်ခဲ့သည်။

အဆိုပါ ညစ်ညမ်းမှုအများစုမှာ မြန်မာနိုင်ငံရှိ စည်းကမ်းမဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် ဆက်စပ်နေပြီး အဓိကမှာ မြေရှားသတ္တု (Rare Earth) တူးဖော်သည့်တွင်းများကို တရားခံအဖြစ် သတ်မှတ်ထားသော်လည်း၊ မြန်မာနိုင်ငံရှိ မြစ်ဝှမ်းဒေသများတွင် ရွှေနှင့် အခြားအရေးကြီး သတ္တုများကို လျှို့ဝှက်စွာ တူးဖော်နေမှုများမှာလည်း ဆက်လက်ရှိနေဆဲဖြစ်သည်။

ညစ်ညမ်းမှုဟု သံသယရှိသော သတ္တုတွင်းအများစုမှာ သံလွင်မြစ်ဝှမ်း၏ အထက်ပိုင်း၊ အထူးသဖြင့် ရှမ်း ပြည်နယ်အတွင်းရှိ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် မြန်မာစစ်တပ်တို့ နယ်မြေလုတိုက်ပွဲဖြစ်နေသော နေရာများတွင် တည်ရှိသည်။

သံလွင်မြစ်အပါအဝင် ထိုင်းနိုင်ငံရှိ မြစ်များအတွင်း ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရန် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ပြီး၊ စမ်းသပ်ချက်များအရ စစ်ဆေးသည့်နေရာတိုင်းတွင် အာဆင်းနစ်ပမာဏမှာ ဘေးကင်းလုံခြုံမှု အဆင့်ထက် နှစ်ဆကျော် မြင့်မားနေသည်ကို တွေ့ရှိရသည်။ ဤသတင်းကြောင့် ဒေသခံတံငါသည်များနှင့် လူထုမှာ စိုးရိမ်ထိတ်လန့်နေကြသည်။

သုတေသီများက သံလွင်မြစ်အတွင်း အာဆင်းနစ်ပမာဏမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသော ဘေးကင်းနှုန်းစံ (၀.၀၁ မီလီဂရမ်/လီတာ) ထက် ၅ ဆ ကျော်လွန်နေသည်ကို တွေ့ရှိခဲ့ကြသည်။

“ကျွန်မအနေနဲ့ သံလွင်မြစ်ဟာ ဆည်တွေ ဒါမှမဟုတ် အကြီးစား စီမံကိန်းတွေရန်က ကာကွယ်ထားနိုင်လို့ အသန့်ရှင်းဆုံး မြစ်စနစ်တစ်ခုအဖြစ် ရှိနေဦးမယ်လို့ မျှော်လင့်ခဲ့မိတာပါ။ စစ်ဆေးချက်အဖြေတွေ ထွက်လာတဲ့အခါမှာတော့ ဒါဟာ ကျွန်မ စိတ်ကူးထားတာထက်ကို ပိုဆိုးတဲ့ ပျက်စီးမှုမျိုးပါ၊ ဖြစ်လာနိုင်သမျှထဲမှာ အဆိုးဆုံးပါပဲ” ” ဟု Rivers and Rights အဖွဲ့၏ အမှုဆောင်ဒါရိုက်တာပီယန်ပွန် (Pianporn Deetes) က ဆိုသည်။

သံလွင်မြစ်သည် ဒေသခံများအတွက် ငါးဖမ်းခြင်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေးအတွက် အသက်သွေးကြောသဖွယ် အားကိုးနေရသည့် မြစ်ဖြစ်သည်။ ထိုင်းနိုင်ငံဘက်ခြမ်းရှိ ထာ့တာဖန်း (Tha Ta Feng) ကဲ့သို့သော ကျေးရွာများတွင် ဒေသခံများသည် မြစ်ရေညစ်ညမ်းမှုသတင်းကို ကြားသိထားသော်လည်း အခြားရွေးချယ်စရာမရှိဘဲ သောက်သုံးခြင်းနှင့် စိုက်ပျိုးခြင်းများကို ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်သည်။

ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန၏ စစ်ဆေးချက်အရ မြစ်အောက်ခြေရှိ နုန်းမြေများတွင် အာဆင်းနစ်ပမာဏမှာ ၃၆ မီလီဂရမ်/ကီလိုဂရမ် မှ ၇၅ မီလီဂရမ်/ကီလိုဂရမ် အထိ ရှိနေပြီး၊ အစိုးရက သတ်မှတ်ထားသော “ပြင်းထန်စွာ အန္တရာယ်ရှိသည်” ဆိုသည့် အဆင့် (၃၃ မီလီဂရမ်/ကီလိုဂရမ်) ထက် များစွာကျော်လွန်နေသည်။

ထိုင်းဘက်ခြမ်းတွင် သတင်းအချက်အလက်အချို့ ရရှိသော်လည်း မြန်မာနိုင်ငံ ကရင်ပြည်နယ်ဘက်ခြမ်းရှိ ဒေသခံများမှာမူ သံလွင်မြစ် အဆိပ်သင့်နေမှုကို လုံးဝမသိရှိကြပေ။ ကရင်ပြည်နယ်၊ သီးရောထာ (Thi Rotha) ရွာမှ ရွာသားများက ၎င်းတို့၏ ငါးများတွင် အရေပြားရောဂါကဲ့သို့ အနာအဆာများ တွေ့ရှိလာရကြောင်း ပြောကြားခဲ့သည်။ မြန်မာစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာလည်း ပြတ်တောက်နေသည်။

သဘာဝပတ်ဝန်းကျင် ပညာရှင် ပီယန်ပွန်က ဤပြဿနာသည် မြန်မာ သို့မဟုတ် ထိုင်း ပြဿနာတစ်ခုတည်းမဟုတ်ဘဲ၊ ကမ္ဘာလုံးဆိုင်ရာ ရှားပါးသတ္တု လိုအပ်ချက်ကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာဖြစ်ကြောင်း ထောက်ပြသည်။

သန်းပေါင်းများစွာသော လူသားတို့၏ အသက်သွေးကြောဖြစ်သည့် မြစ်ဖျားခံရာဒေသရှိ ထိုကဲ့သို့သော ဖျက်ဆီးမှုများကို မည်သို့မျှ ခွင့်မပြုသင့်ကြောင်း သူမက အလေးအနက် ပြောကြားခဲ့သည်။

(Gerald Flynn / Mongabay ရေးသားသည့် Asia’s longest free-flowing river contaminated by arsenic linked to Myanmar mines ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။ မူရင်း စတိုရီကို https://news.mongabay.com/…/asias-longest-free…/… တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article