ရန်ကုန်၊ ဧပြီ ၃၀
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်းမှ တိုက် ခိုက်ခဲ့ရာ သေဆုံးသူ ပြည်သူအရေအတွက် ၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ချင်းပြည်သူ့အစည်း အရုံး/ချင်းပြည်သူ့တပ်မတော် သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် စစ်တပ်က ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ရှိ ကျင်ဒွေးတံတား ကို ဂျက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုသည် တံတားအား ထိန်းသိမ်းပြုပြင်နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပြစ်မဲ့အရပ်သားပြည်သူ ၉ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် လူအသေအပျောက်များရှိသည့်အပြင် JCB စက်ကြီး ၁ စီး၊ Dayan ကား ၁ စီး၊ KENBO R ဆိုင်ကယ် ၄ စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူ ၉ ဦးမှာ ဦးထိန်လင်း (၃၇ နှစ်)၊ ဦးသောင်းဖေ (၃၀ နှစ်)၊ ဦးပြည့်ဖြိုးအောင် (၅၅ နှစ်)၊ ဒေါ်မထွေး (၅၀ နှစ်)၊ဦးမောင်လုံး (၄၄ နှစ်)၊ ဦးဌေးအောင် (၃၇ နှစ်)၊ ဦးခင်အောင် (၃၈ နှစ်)၊ ဦးကိုထုံ (၃၇ နှစ်)၊ ဦးပြည့်ဖြိုးအောင် (၃၇ နှစ်) တို့ဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၄ ဦးရှိပြီး ဦးအောင်ခိုင် (၃၀ နှစ်) – ယာဘက်ပေါင်တွင် ဒဏ်ရာရရှိ (ဖုံးသွေးကျင်းအုပ်ချုပ်ရေးမှူး)၊ ဦးနေထွန်းအောင် (၂၅ နှစ်) – ခေါင်းတွင် ဒဏ်ရာရရှိ၊ ဦးအောင်ဝင်း (၃၇ နှစ်) – ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာရရှိ၊ ဦးကျော်ဟိန်းတို့ဖြစ်ကြောင်း သိရှိရသည်။
အလားတူယမန်နေ့ ဧပြီ ၂၉ ရက်၊ နေ့လယ် ၃ နာရီ ၁၅ မိနစ်ဝန်းကျင်မှစတင်၍ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များကို စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယမန်နေ့ စစ်တပ်က စစ်တွေနှင့် ရသေ့တောင်ရှိ ဝါဘိုရွာနှင့် မိုးစဲကမ်းဘက်သို့ ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကြဲခဲ့သည့်အပြင် စစ်တွေမြို့ဘက်မှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ ပေါက်တောမြို့နယ် ဒါးကိုင်တောင်တန်းဘက်သို့ ဂျက်ဖိုက်တာ ၅ စီးဖြင့် ဗုံးအဆက်မပြတ် ကြဲချခဲ့ကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာနှင့် မင်းချောင်းတံတားအနီးသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
ဧပြီလ ၁၉ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ရဟန်းသံဃာ ၃ ပါးနှင့် ဒေသခံ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်တပ်က ယခုဧပြီလအတွင်း ရခိုင်ပြည်သို့ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြုကာ နေ့စဉ် ရက်ဆက်နီးပါး တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။






