ရန်ကုန်၊ ဧပြီ ၃၀
မကွေးတိုင်း၊ မြိုင်မြို့ပေါ် စစ်တပ်ဂိတ်နှင့် ကန်နီပျူစောထီးရွာကို တိုက်ခိုက်ရာ ဂိတ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ ကင်းထောက်ဒရုန်း ၁ စီးနှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၆ ရက်နေ့တွင် ကန်နီပျူစောထီးရွာအနီး ပခုက္ကူခရိုင်အမှတ် ၂ ၊ ၆ ၊ ၇ တပ်ရင်း၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်တော် (MGY) နှင့် အညာမြေတပ်ပေါင်းစုတို့ နယ်မြေ လုံခြုံရေးအတွက် ကင်းလှည့်နေစဉ် ထိတွေ့တိုက်ပွဲ ၁၅ မိနစ် ဖြစ်ပွားခဲ့ကြောင်း၊ ထို တိုက်ပွဲအတွင်း ပျူစောထီးများထံမှ ကင်းထောက်ဒရုန်း ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဧပြီလ ၂၈ ရက်နေ့တွင်လည်း တော်လှန်ရေးတပ်များနှင့် ပျူစောထီးများ ကန်နီကျေးရွာအနီး ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၉ ရက်နေ့တွင် ပခုက္ကူခရိုင် အမှတ် ၂ ၊ ၆ ၊ ၇ တပ်ရင်းများ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်တော် (MGY)၊ အညာမြေတပ်ပေါင်းစုနှင့် မြိုင်(ပကဖ) တို့ ပူးပေါင်း၍ မြိုင်မြို့အရှေ့မြောက်ဘက်ရှိ ဂိတ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲသည် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး ဂိတ်စခန်းတွင် တပ်စွဲထားသော စစ်သားနှင့် ရဲများ စခန်း စွန့်ခွာထွက်ပြေးသွားသောကြောင့် ဂိတ်ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ လက်ပစ်ဗုံး ၂ လုံး၊ G-3 ကျည် ၁၁၅ တောင့်၊ G-3 ကျည်ဘောက် ၁ ခု၊ MA-3 သံဘောက် ၁ ခု နှင့် စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ ထိခိုက်သေဆုံးမှုတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး။ ကန်နီပျူစောထီးရွာမှာ ၂ ပွဲနဲ့ မြိုင်မြို့ပေါ်မှ ၁ ပွဲ ဖြစ်ခဲ့တာပေါ့။ မြိုင်မြို့ပေါ်ကတော့ သူတို့ ဆေးရုံနားမှာ တပ်စွဲထားတဲ့ အကုန်လုံးမြို့ထဲကို ပြန်ပြေးသွားတယ်ပေါ့။ ကျနော်တို့ ကင်းထောက် ဒရုန်း ၁ စီးနဲ့ ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ပါတယ်” ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။
မြိုင်မြို့နယ်ရှိ ကန်နီပျူစောထီးကျေးရွာနှင့် မြိုင်မြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများ အနေဖြင့် ဒေသတွင်းရမ်းကားခြင်း၊ အနီးရှိကျေးရွာများကို အကြမ်းဖက်စီးနင်းခြင်းများ ရပ်တန့်ရန် တော်လှန်ရေး အင်အားစုက ပြင်းပြင်းထန်ထန် သတိပေးပြောဆိုထားသည်။






