ရန်ကုန်၊ ဧပြီ ၃၀
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးရာတွင် ပူးပေါင်းပါဝင်နေသည့် DKBA ခေါင်းဆောင် ထွန်းရီအား ရေးဘီလူးတပ်ရင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ထွန်းရီမှာ ဒဏ်ရာအပြင်း အထန် ရရှိသွားသော်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အဆိုပါ ပစ်ခတ်မှုအတွင်း ထွန်းရီကိုင်ဆောင်သော သေနတ်တစ်လက်နှင့် ခဲယမ်းမီးကျောက်အချို့ကို သိမ်းဆည်းရမိခဲ့သည်။ ပြီးခဲ့သည့် မတ်လအတွင်းက ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ ခမရ ၃၄၃ တပ်ရင်းရှေ့ရှိ ထွန်းရီ၏ နေအိမ်အား ရေးဘီလူးတပ်ရင်းမှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဝင်ရောက်ရှင်းလင်းချိန်တွင် ထွန်းရီမှာ ၎င်း၏ဇနီးဖြစ်သူနှင့်အတူ နေအိမ်၌ လက်ဖက်ရည်သောက်နေစဉ် ဖြစ်ပြီး ရေးဘီလူးတပ်ရင်းက ကျားပါးစပ်အတွင်း ဝင်နှိုက်သည့်ပုံစံမျိုးဖြင့် နေအိမ်အတွင်းအထိ ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။ ပစ်ခတ်မှုကြောင့် ထွန်းရီတွင် သေနတ်ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သလို ၎င်း၏ နေအိမ်အတွင်းမှ သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု သိရှိရသည်။
ရေးဘီလူးတပ်ရင်း တာဝန်ရှိသူ၏ ပြောပြချက်အရ ထွန်းရီသည် စစ်ကောင်စီတပ်နှင့် အပြည့်အဝ ပူးပေါင်းနေသူတစ်ဦးဖြစ်ပြီး ရေးမြို့နယ်အတွင်းရှိ ၅၈၆ တပ်ရင်းအနီးနှင့် နှင်းစုံကျေးရွာတံတားတို့တွင် ကိုယ်ပိုင်ဂိတ်များဖွင့်လှစ်၍ လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့များအား စစ်ကြောင်းထိုးသည့်အခါတွင်လည်း နယ်မြေနှင့် လမ်းကြောင်း ကျွမ်းကျင်သည့်အတွက် အနီးကပ်ကူညီပေးနေသူ ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရေးမြို့နယ်တွင် DKBA ခေါင်းဆောင်ထွန်းရီတဲ့သူက စကမ ပူးပေါင်းကောင်ပါ။ ရေးမြို့နယ်၅၈၆တပ်နားမှာလည်း ကိုယ်ပိုင်ဂိတ်လုပ်ထားတယ်။ နှင်းစုံကျေးရွာတံတားမှာလည်း ကိုယ်ပိုင်ဂိတ်လုပ်ထားတယ်။ တော်လှန်ရေးတပ်တွေကိုစကမဘက်ကစစ်ကြောင်းထိုးလာချိန် ဒီကောင်တွေကအပြည့်ဝအကူညီပေးတယ်။ ဒီကောင်တွေကလမ်းကျွမ်းတယ်။ နယ်မြေရင်းနှီးတယ်။ စကမ နဲ့အတူတကွနေလိုက်လို့ချတာပါ။ ကျွန်တော်တို့ သူအိမ်ထဲကနေ သေနတ် ၁လက်၊ လက်ပစ်ဗုံး ၂လုံး၊ ခဲယမ်းများသိမ်းဆည်းရမိခဲ့ပါတယ်”ဟု ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို ရေးဘီလူးတပ်ရင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။




