ရန်ကုန်၊ ဧပြီ ၃၀
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် တရုတ်နိုင်ငံသားများ အပါအဝင် ပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်မှ စတင်ပြီး ညနေ ၅ နာရီကျော်ခန့် အထိ အကြမ်းဖက် စစ်တပ်က Y-12 ၊ ဂျက်ဖိုက်တာများဖြင့် အကြိမ်ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း တရုတ်နိုင်ငံသားများ အပါအဝင် ပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ဒဏ်ရာအခြေအနေ ပြင်းထန်သူများလည်း ပါဝင်ကြောင်း၊ ထို့ပြင် မက္ကသာ သတ္တုတွင်းရှိ အဆောက်အဦးများလည်း မီးလောင် ပျက်စီးမှုရှိကြောင်း သိရှိရသည်။
“မနေ့က စစ်ခွေးတွေက Y-12 ကော ဂျက်ဖိုက်တာနဲ့ကော မွန်းလွဲပိုင်းထဲက ဗုံးကျဲ တိုက်ခိုက်တာ ညနေထိပဲ ထိခိုက်ဒဏ်ရာရတာ တရုတ်တွေလည်း ပါတယ်။ တရုတ် ဘယ်နှဦး ဒဏ်ရာရတဲ့ထဲ ပါတယ်ဆိုတာတော့ မသိရသေးဘူး။ ဒဏ်ရာရတဲ့ထဲမှာ ပြင်းထန်သူတွေလည်း ပါဝင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






