ရန်ကုန်၊ ဧပြီ ၃၀
အာဆီယံ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုသော်လည်း မလွှတ်ပေးဘဲ စစ်တပ်က ထောင်ဒဏ်ကိုသာ ထပ်မံလျှော့ပေါ့ပေးလိုက်ကြောင်း NLD အသိုင်းအ၀ိုင်းက ပြောဆိုသည်။
ယနေ့ ကဆုန်လပြည့်နေ့ အဖြစ် စစ်တပ်က လွတ်ငြိမ်းသက်သာခွင့်များ ထပ်မံ ကြေညာခဲ့ပြီး အကျဉ်းချခံထားရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်ရှိသော ထောင်ဒဏ်များအနက် ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ဖြင့် စစ်ကောင်စီက ထပ်မံလျှော့ပေါ့ပေးလိုက်သည်။ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်း ၁ ရက်နေ့ကလည်း လွတ်ငြိမ်းသက်သာခွင့်ဖြင့် ထောင်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ရာ ယခုအကြိမ်နှင့်ပါဆိုလျှင် ၂ ပတ်အတွင်း ဒုတိယအကြိမ်မြောက် ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းလည်း ဖြစ်သည်။
ယခုတစ်ကြိမ် လျှော့ပေါ့မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်တွင် ကျခံရန် ထောင်ဒဏ် ၁၈ နှစ် ၉ လသာ ကျန်ရှိတော့သည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့သော်လည်း လက်ရှိအချိန်အထိ မည်သူကမှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရရှိသေးပေ။ အာဆီယံ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှုများ ဆက်တိုက် ဖြစ်ပေါ်နေသည်။
ယခုဧပြီလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို “ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း” ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် မတရားသော ပုဒ်မများဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ခြင်းဖြစ်သည်။




