26 C
Yangon

ယင်းမာပင်၊ ပုလဲနှင့် ကနီမြို့နယ် အတွင်း စစ်တပ်က အင်အားသုံး စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများဖြစ်ပွားနေပြီး ယာကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်တပ်က ပြင်ဆင်နေ၊ သောင်းနှင့်ချီသော ပြည်သူများလည်း တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဧပြီ ၃၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပုလဲနှင့် ကနီမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က အင်အားသုံး စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး ယာကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်တပ်က ပြင်ဆင်နေကြောင်း ယင်းမာပင်ခရိုင် ပကဖ ထုတ်ပြန်ချက်နှင့် ဒေသသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်၍ အကြမ်းဖက် စစ်တပ်က အင်အား ၄၀၀ ခန့်အသုံးပြု၍ ပုလဲမြို့နယ်အတွင်း ထိုးစစ်ဆင်လာသောကြောင့် PDF တပ်များနှင့် ချင်ပစ်ရွာ၊ မုံသွင်ရွာ ဘက်တို့တွင် ၁ လကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခြင်းကြောင့် စစ်ကြောင်း ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ ပုလဲမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ထိုသို့ စစ်တပ် စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားပြီးနောက် မတ်လ အတွင်း မုံရွာ နမခ မှ ထွက်လာသော အထူးရဲကွန်မန်ဒိုတပ်သား အင်အား ၂၀၀ ခန့် ပါဝင်သော စစ်ကြောင်းသည် ယင်းမာပင်မြို့နယ်အတွင်းရှိ ပြောင်းပြာရွာ၊ လက်လုပ်ရွာနှင့် စားတော်ပြင်ရွာဘက်ကို စစ်ကြောင်းထပ်ထိုးလာ၍ လက်လုပ်ရွာနှင့် စားတော်ပြင်ရွာဘက်တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခြင်းကြောင့် စစ်ကြောင်းသည် ယင်းမာပင်မြို့ထဲကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်ကြောင်းသည် တပ်မ ၃၃နှင့် တပ်မ ၉၉ မှ စစ်သားများနှင့် ထပ်မံ အင်အားဖြည့်တင်းပြီး ပုလဲမြို့နယ် ဘက်ကို စစ်ကြောင်းတစ်ကြောင်း၊ ယင်းမာပင်မြို့နယ်ဘက်ကို စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း အင်အား ၅၀၀ ကျော် ခန့်ဖြင့် ထပ်မံ စစ်ကြောင်းထိုးလာ၍ PDF တပ်များနှင့် ၂ လတာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ PDF တပ်ဖွဲ့ဘက်မှလည်း ထိခိုက်ဆုံးရှုံးမှုရှိခဲ့ပြီး လက်ရှိချိန်တွင် စစ်ကြောင်းသည် ဆင်စွယ်ရွာ၌ အထိုင်ချ တပ်စွဲထားကြောင်း သိရှိရသည်။

ထို့ပြင် ကနီ-ယင်းမာပင် မြို့နယ်အစပ်မှလည်း တပ်မ ၃၃ မှ အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းသည် ယာကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် ပြင်ဆင်နေပြီး လက်ရှိချိန်တွင် ချောင်းမရွာနှင့် အောင်မင်္ဂလာရွာများတွင် တပ်စွဲလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်သည် လေကြောင်းပစ်ကူ တပ်ကူပစ်ကူ အများအပြားဖြင့် ထိုးစစ်ဆင်လာ၍ PDF တပ်များက နေရာ တချို့ကို လက်လွှတ်ပေးခဲ့ရကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အစပ်ရှိ ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီပြည်သူများသည် နေရပ်မပြန်နိုင်ဘဲ တောတောင်များအတွင်း စစ်ဘေးတိမ်းရှောင်နေရကြောင်း၊ ထို့ပြင် ကနီမြို့နယ်အတွင်းတွင်လည်း စစ်တပ် စစ်ကြောင်းကြောင့် ချောင်းမရရွာ၊ ချောင်းမနရွာ၊ ချင်းတောင်ရွာ ၊ လယ်ရှည်ရွာ ၊ အောင်မင်္ဂလာရွာနှင့် ဇီးပင်တွင်းရွာများ အပါအဝင် ကျေးရွာ ၁၀ ခုကျော်မှ ထောင်နှင့်ချီသောပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ယင်းမာပင်နယ်နဲ့ ကနီကနေလာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ချင်တဲ့ သဘောဖြစ်မယ်လို့ သုံးသပ်မိတယ်။ အဲ့လမ်းက ကချင်ဘက်ကနေ စစ်ကိုင်းတိုင်းဖြတ်ကူးပြီး ရခိုင်နဲ့ ချင်းပြည်နယ်ဘက် ဖြတ်သန်းသွားလာနေတဲ့လမ်းကြောင်းဖြစ်နေတာ နောက်ပြီး အခြားအထက်ပိုင်းကို လောင်စာဆီပို့နေတဲ့လမ်းကြောင်းတွေကို ပိတ်ဆို့ ထိန်းချုပ်ချင်တဲ့ အနေအထားပါ။ စစ်ရှောင်နေရတာ ကတော့အရင်ရက်ပြောထားတဲ့ကျေးရွာနေအပြင် ယင်းမာပင်နယ်မြောက်ပိုင်းကကျေးရွာတွေပါ စစ်ဘေးရှောင်နေကြရတယ်။ တောတွေထဲမှာ ဖြစ်သလိုနေကြရတယ်။ မိုးကလည်း ရွာလာပြီဆိုတော့ ဒုက္ခတွေများလာတာပေါ့။ လူတွေအတွက်သာမက တိရိစ္ဆာန်တွေကျွဲ နွား အတွက်ပါ အမိုးအကာ အတွက် တောသူတောင်သားတွေ အခက်အခဲဖြစ်တာပေါ့။ မုံရွာကနေ ချင်းတွင်းတံတားဖြတ်ပြီး ရွှေတောင်ဦးလမ်းဆုံကနေ မုံရွာ ကလေးလမ်း ယာကြီးလမ်း ဘက်ကနေဝင်တာဆိုတော့ အဲ့လမ်းပိုင်းနား ရွာတွေလည်း ရှောင်နေရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က ယင်းမာပင်၊ ပုလဲနှင့် ကနီမြို့နယ် အတွင်း အင်အားသုံး ထိုးစစ်ဆင်နေသည့် အတွက် ပြည်သူများအနေဖြင့် တော်လှန်စိတ်အပြည့်ထား၍ စစ်တပ် စစ်ကြောင်းရှိရာ နေရာများနှင့် ၃ မိုင်အကွာထိ စစ်ဘေးတိမ်းရှောင်နေကြရန် ယင်းမာပင်ခရိုင် ပကဖ မေတ္တာရပ်ခံထားကြောင်း၊ စစ်တပ် စစ်ကြောင်းများနှင့် ဝေးရာအရပ်တွင် စစ်ဘေးရှောင်နေခြင်းသည် တော်လှန်ရေးတစ်ရပ်ကို ပါဝင်ကူညီ ဆောင်ရွက်နေခြင်း ဖြစ်ပြီး တော်လှန်ရေးတပ်များသည် အချိန်နှင့် တစ်ပြေးညီ ရန်သူကို ပြန်လည်ထိုးစစ်ဆင်တိုက်ထုတ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ယင်းမာပင်ခရိုင် ပကဖ ကပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article