ရန်ကုန်၊ မေ ၄
အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော တီမော်လက်စတေး ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် အကြမ်းဖက် စစ်အာဏာရှင် မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများဖြင့် တရားစွဲဆိုထားခြင်း၏ နောက်ဆက်တွဲအဖြစ် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရန်အတွက် ပထမအဆင့် တရားရုံးသို့ တရားဝင် တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်သည်။
အဆိုပါ အမှု၏ တရားလို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ညွှန်ကြားရေးမှူး ဆလိုင်းဇအုပ်က ဇန်နဝါရီလတွင် စတင်ခဲ့သည့် အမှုမှာ နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိသွားခြင်းဖြစ်ပြီး မင်းအောင်လှိုင်ကို မြန်မာ နိုင်ငံ အနောက်မြောက်ပိုင်းရှိ ချင်းပြည်နယ်အတွင်း ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုဆိုင်ရာ တာဝန်ရှိမှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
မင်းအောင်လှိုင်နှင့်စစ်တပ်ကျူးလွန်သော ရာဇဝတ်မှုများတွင် ၇ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ၎င်း၏ခင်ပွန်းရှေ့တွင် အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ သတင်းထောက်တစ်ဦးနှင့် ၁၃ နှစ်အရွယ် ကောင်လေးတစ်ဦး အပါအဝင် လူ ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း (ယင်းကောင်လေးမှာ လက်ပြန်ကြိုးတုပ်ခံရပြီး လည်လှီးသတ်ဖြတ်ခံရသူ ၈ ဦးထဲတွင် ပါဝင်ပါသည်)၊ ခရစ်ယာန်သိက္ခာတော်ရဆရာတော်တစ်ပါးနှင့် သင်းထောက် ၃ ဦးကို တမင်ရည်ရွယ်၍ သတ်ဖြတ်ခြင်းတို့ ပါဝင်ပါသည်။
ထို့အပြင် ဆေးရုံတစ်ခုကို အချိုးအစားမညီဘဲ ခွဲခြားမှုမရှိဘဲ လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၄ ဦးနှင့် လူနာ ၄ ဦး သေဆုံးခဲ့ခြင်းနှင့် နိုင်ငံတကာဥပဒေအရ ကာကွယ်ထားသော ခရစ်ယာန်ဘုရားကျောင်းများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများအပေါ် ဆက်တိုက်တိုက်ခိုက်မှုများလည်း ပါဝင်ကြောင်း သိရှိရသည်။
“ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) မှာ စုံစမ်းစစ်ဆေးခံနေရပြီးဖြစ်တဲ့ စစ်ရာဇဝတ် ကောင် မင်းအောင်လှိုင်ကို စုံစမ်းစစ်ဆေးမှုတွေ စတင်ဖို့အတွက် ရိုးရှင်းတဲ့ လုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်ပေးဖို့ အရှေ့တီမောအာဏာပိုင်တွေကို ကျွန်တော် တိုက်တွန်းပါတယ်” ဟု CHRO ညွှန်ကြားရေးမှူး ဆလိုင်းဇအုပ်က ပြောကြားသည်။
“စစ်ကောင်စီက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စက်မှုလက်မှု အတိုင်းအတာပမာဏလောက်အထိ ကျူးလွန်နေတာကို ခံနေရတဲ့ ချင်းလူမျိုးတွေဟာ မုဒိမ်းမှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ အရပ်သားတွေအပေါ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုတွေလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေရဲ့ သမိုင်းကြောင်းတူညီခဲ့တဲ့ အရှေ့တီမောပြည်သူတွေဆီက ထောက်ခံမှုကို မျှော်လင့်နေကြပါတယ်” ဟု ၎င်းက ဆိုပါသည်။
အဆိုပါအမှု၏ ရှေ့ဆောင်ရှေ့နေဖြစ်သူ အရှေ့တီမောဥပဒေကုမ္ပဏီ Da Silva Teixeira & Associados မှ Jose Teixeira က “စုံစမ်းစစ်ဆေးမှုတစ်ခု ဖွင့်လှစ်ဖို့အတွက် ဥပဒေကြောင်းအရ တာဝန်ရှိနေပြီး တရားရုံးကလည်း ဒီအတိုင်း ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင် အခုလို စုံစမ်းစစ် ဆေးမှုဟာ ဂျီနီဗာမြို့က မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) လို အဖွဲ့အစည်းတွေက မင်းအောင်လှိုင်ကို စုံစမ်းစစ်ဆေးနေပြီး အမှုရှေ့ဆက်တဲ့အခါ ကူညီပံ့ပိုးဖို့ အဆင်သင့်ရှိနေတာကြောင့် အရှေ့တီမောရဲ့ တရားစီရင်ရေးစနစ်အပေါ် ဖိအားဖြစ်စေမှာ မဟုတ်ပါဘူး” ဟု မှတ်ချက်ပြုသည်။
Myanmar Accountability Project (MAP) ၏ ညွှန်ကြားရေးမှူး Chris Gunness ၏ အဆိုအရ “ဒီအမှုဟာ မြန်မာနိုင်ငံရဲ့ အခြေအနေ ဘယ်လောက်အထိ အဓိပ္ပာယ်မဲ့နေသလဲဆိုတာကို ဖွင့်ချလိုက်တာ ဖြစ်ပါတယ်။ အာဏာရှင် မင်းအောင်လှိုင်ဟာ ၎င်းကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲတွေအပြီးမှာ ၎င်းကို မြန်မာနိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်အဖြစ် ကမ္ဘာကြီးက ထင်ယောင်ထင်မှားဖြစ်အောင် ကြိုးစားနေပြီး ၎င်းရဲ့ တရားမဝင် စစ်ကောင်စီနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ အစိုးရတွေကို တောင်းဆိုနေတာပါ” ဟု ဆိုပါသည်။
Chris Gunness က ဆက်လက်ပြီး “အမှန်တကယ်တော့ မင်းအောင်လှိုင်ဟာ အလိုရှိနေတဲ့ စစ်ရာဇဝတ်ကောင် ဖြစ်ပါတယ်။ အာဂျင်တီးနား၊ တူရကီ၊ ဖိလစ်ပိုင်နဲ့ အရှေ့တီမော စတဲ့ ကမ္ဘာတဝှမ်းက တရားစီရင်ပိုင်ခွင့် နယ်မြေအသီးသီးမှာ သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေ စုပုံလာနေပါတယ်။ ဟိဂ်မြို့က ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ တရားရုံးနှစ်ခုဖြစ်တဲ့ ICC နဲ့ ICJ မှာလည်း သူ့အပေါ် အမှုတွေ ရှိနေပါတယ်။ ဒီအမှုတွေအပြင် အခုလအစောပိုင်းမှာလည်း မကြုံစဖူး ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုအနေနဲ့ အင်ဒိုနီးရှား အာဏာပိုင်တွေဟာ နိုင်ငံရဲ့ ရာဇဝတ်မှုဆိုင်ရာ ဥပဒေသစ်အောက်မှာ မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုဖိုင်ကို တရားဝင် လက်ခံခဲ့ပါတယ်။ ဒီအာဏာရှင်ဟာ သမ္မတအိမ်တော်မှာ မဟုတ်ဘဲ ထောင်ထဲမှာပဲ ရှိနေသင့်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။




