30 C
Yangon

မုံရွာမြို့တွင် လူငယ် ၁၀၀ ကျော်ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ၃ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီး

Must read

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်နှင့် လမ်းဆုံလမ်းခွများတွင် အလုပ်သွားအလုပ်ပြန်ပြုလုပ်နေသည့် လူငယ်များကို စစ်ကောင်စီတပ်က မေလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးခဲ့ရာ လူငယ်အင်အား ၁၀၀ ကျော် ဖမ်းဆီးခံလိုက်ရကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများနှင့် ဒေသခံပြည်သူများထံမှ သိရှိရသည်။

မေလ ၃ ရက်နေ့မှစတင်ကာ မုံရွာမြို့အတွင်းရှိ အာဇာနည်လမ်း၊ နန္ဒဝန်စက်မှုလမ်း၊ သမ္မစိတ္တလမ်းနှင့် မြဇီးခြံလမ်းစသည့် လမ်းဆုံနေရာများတွင် ပိတ်ဆို့ကာ အသက် ၂၅ နှစ်မှ ၃၅ နှစ်ဝန်းကျင် အမျိုးသားလူငယ်များကို အဓိကပစ်မှတ်ထား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“မေလ ၃ ရက်နေ့လည်း စစ်ခွေးတွေက ပေါ်တာဆွဲတာ တော်တော်ကြမ်းတယ်။ မေလ ၄ ရက်နေ့က ဆွဲခံရသူ အယောက် ၂၀ ခန့်ပါ။မေလ ၅ ရက်နေ့လည်း အာဇာနည်လမ်းနဲ့ နန္ဒဝန်စက်မှုလမ်းတွေမှာ အယောက် ၂၀ ကျော် ထပ်ဖမ်းသွားတယ်။ စုစုပေါင်း ၃ ရက်ဆက်တိုက်ဆိုရင် လူငယ် ၁၀၀ ကျော်လောက် ရှိမယ်။ အလုပ်သွားအလုပ်ပြန်တွေကို ဦးစားပေးဖမ်းတာပါ။”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ဖမ်းဆီးခံရသည့် လူငယ်များကို မိသားစုနှင့် တွေ့ဆုံခွင့်မပေးဘဲ မုံရွာမြို့ပေါ်ရှိ စုပေါင်းရုံးနှင့် တိုင်းရင်းရုံးဘက်သို့ ခွဲထုတ်ပို့ဆောင်ထားကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ပေါ်တာဆွဲဖမ်းဆီးသူတွေကို မိသားစုနဲ့ တွေ့ခွင့်မပေးဘူး။ လက်ရှိမှာ ဖမ်းဆီးထားသူတွေကို စုပေါင်း ရုံးနဲ့ တိုင်းရင်းရုံးဘက် ခွဲပို့ထားတယ်လို့တော့ ကြားတယ်” ဟု အဆိုပါဒေသသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

မုံရွာမြို့တွင် ယခုကဲ့သို့ ပေါ်တာဆွဲဖမ်းဆီးမှုမှာ ယခုတစ်ကြိမ်တည်းမဟုတ်ဘဲ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ကလည်း အိမ်စီးကားများဖြင့် လိုက်လံဖမ်းဆီးမှုကြောင့် လူငယ် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရဖူးသည်။ အဆိုပါဖမ်းဆီးခံရသူများမှာလည်း ယနေ့ထက်တိုင် မိသားစုနှင့် အဆက်အသွယ်မရရှိဘဲ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရှိရသေးကြောင်း သိရသည်။

လက်ရှိတွင် မုံရွာမြို့ပေါ်၌ စစ်ကောင်စီ၏ ပေါ်တာဆွဲဖမ်းဆီးမှုများ ပိုမိုစိပ်လာနေသည့်အတွက် အလုပ်သွားအလုပ်ပြန်ပြုလုပ်နေရသည့် လူငယ်များနှင့် မိသားစုဝင်များအကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ယခု မေလအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၅ ကို ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းစစ်မှုထမ်းအပတ်စဉ်အတွက် တစ်နိုင်ငံလုံး လူငယ်များကို နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီး ဆင့်ခေါ်မှုများရှိနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- မုံရွာမြို့ပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေသော အရပ်ဝတ် စစ်သားများနှင့် အိမ်စီးကားများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article