ရန်ကုန်၊ မေ ၆
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုတော် ကျားဇိုး LDF မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၅ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ ထွက်လာသော အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်းကို ပေါက်မြို့နယ် သစ်ညီနောင်လမ်းခွဲအနီး တော်လှန်ရေးတပ်ဖွဲ့များက မိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း စစ်သား ၂ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“မိုင်း ၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၂ ကောင်သေတယ် ၃ ကောင်ကတော့ ခြေပြတ် လက်ပြတ် ဒဏ်ရာရတယ်လို့သိရတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ဆိပ်ဖြူပြောက်ကျား တကိုတော် ကျားဇိုး LDF မှ ကိုကျားဇိုးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူပြောက်ကျား တကိုတော် ကျားဇိုး LDF ၊ ပေါက်မြို့နယ် ပကဖအဖွဲ့ နှင့် ရပ်ကျေး ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင်လည်း စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း TGYR-တပ်ဖွဲ့ မြင်းခြံခရိုင် အမှတ် ၁၁ တပ်ရင်းက ထုတ်ပြန်ထားသည်။
မေလ ၃ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်၊ တောင်ဘက်ရှိ ဇလုပ်မကျေးရွာသို့ စစ်သား အင်အား ခန့်မှန်း ၆၀ ခန့်ပါသည့် စစ်ကား ၃ စီးရောက်ရှိလာပြီး မြင်သာကျေးရွာသို့ ခြေလျင် စစ်ကြောင်းထိုးလာစဉ် TGYR-တပ်ဖွဲ့ မြင်းခြံခရိုင် အမှတ် ၁၁ တပ်ရင်းမှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦး ကျည်ထိမှန်ခဲ့ပြီး ခြေထောက်ပြတ်တောက် ဒဏ်ရာရာရရှိခဲံကြောင်း၊ ထို့နောက် စစ်ကြောင်းသည် မြင်သာကျေးရွာကိုဝင်ရောက်လာပြီး စစ်ဘေးရှောင်ပြည်သူများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကြောင်းဖြတ်သွားသည့် နေရာများကို တော်လှန်ရေးရဲဘော်များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် နင်းမိုင်း ၂ လုံးကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများသွားလာရာ လမ်းပိုင်းများ၌ နင်းမိုင်းများတပ်ဆင်ပြီး ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်သေဆုံးစေရန် လုပ်ဆောင်နေခြင်းကြောင့် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာပါက ဘေးလွတ်ရာသို့ ရှောင်ရှားကြရန်နှင့် စစ်ကြောင်းဝင်ရောက်တပ်ဆွဲထားသည့် ကျေးရွာများကို အလွယ်တကူ ဝင်ရောက်ခြင်း မပြုကြရန် အသိပေးပြောဆိုထားသည်။




