ရန်ကုန်၊ မေ ၆
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှပ်နေသော လက်လုပ်သေနတ် ကိုင်ဆောင်သည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ဝိုင်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ကျော်ဦးသည် ပြည်တော်အေးရွာမှ အောင်ဇော်၏ နေအိမ်ကို ရောက်ရှိနေစဉ် သာယာဝတီခရိုင်၊ တပ်ရင်း၃၈၀၂၊ တပ်ခွဲ-၄ မှ ရဲဘော်များက ဝင်ရောက်ဖမ်းဆီးခဲ့သော်လည်း လက်လုပ်သေနတ်ဖြင့် ပြန်လည် ခုခံခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးစဉ် ၂ ဦးလုံးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသော စစ်တပ် ဒေါက်တိုင် ကျော်ဦးနှင့် အောင်ဇော်တို့သည် အကြမ်းဖက် စစ်တပ် စစ်ကြာင်းထိုးရန် လှုံ့ဆော်ခြင်း၊ လမ်းသွား ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်း၊ စစ်တပ် နှင့် ပူးပေါင်း၍ လောင်းကစားဝိုင်းများ ပြုလုပ်ကာငွေကြေး ကောက်ခံခြင်းများပြုလုပ်နေသူများဖြစ်ကြောင်း သိရှိရသည်။
“ပြည်သူတွေက အရေးယူပေးဖို့ တိုင်ကြားလာလို့ ဖမ်းဆီးစစ်ဆေးဖို့ အောင်ဇော်နေအိမ်ကို ရဲဘော်တွေက သွားရောက်တုန်း ၅.၅၆ လက်လုပ်သေနတ်နဲ့ ပြန်လည် ပစ်ခတ်တာကြောင့် အပြန်လှန်ပစ်ခတ်မှုဖြစ်ပြီး ကျော်ဦးနဲ့ အောင်ဇော်တို့ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်” ဟု သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် ဒေါက်တိုက်များထံမှ ခါးချိုးအတို သေနတ် ၁ လက်၊ လက်ပစ်သီး ၁ လုံးနှင့် ၅.၅၆ ကျည် ၆ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်၍ ပြည်သူများ ၎င်းတို့အနီးသွားလာနေထိုင်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ-၄ က အသိပေးပြောဆိုထားသည်။






