ရန်ကုန်၊ မေ ၁၀
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၃ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများပြားနိုင်ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်ဖွဲ့ထံမှ သိရှိရသည်။
မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် နတ်မောက်မြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊မေလ ၈ ရက်နေ့ နံနက် ၈ နာရီ ၁၆ မိနစ်တွင် လဲဘူးရွာမှ ထွက်ခွာလာသော စစ်ကြောင်းကို သပွတ်ပင်ရွာနှင့် ကျောက်အိုးရွာအကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာပြီး ကျောက်အိုးရွာသို့ ရောက်ရှိချိန်တွင် ချက်ချင်းပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရှိရသည်။
အလားတူ မေလ ၈ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် လျှော်ချောင်းလေးရွာမှ ထွက်ခွာလာသော အခြားစစ်ကြောင်းတစ်ခုကို ထန်းပင်မျှောင်နှင့် ကန်သာရွာအကြား၌ ၂ ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ဒဏ်ရာရသူများပြားသဖြင့် ကန်သာရွာတွင် တပ်စွဲနားနေခဲ့ရသည်။
ယင်းနေ့ ညနေ ၅ နာရီ ၅၉ မိနစ်တွင် ဒဏ်ရာရစစ်သားများကို နတ်မောက်မြို့သို့ ပြန်လည်ပို့ဆောင်သည့် ကား ၂ စီးကို ကုလားရှင်ရွာအရှေ့ဘက်၌ ထပ်မံမိုင်းဆွဲခဲ့သည်။
ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “မတ်လထဲကတည်းက ဝင်နေတဲ့စစ်ကြောင်းပါ။ စစ်ခွေးသေစာရင်းကတော့ အတည်မပြုနိုင်သေးပါဘူး။ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေ အားလုံးပေါင်းရင် ၁၀ ဦးခန့် ဒဏ်ရာရသူတွေ ပတ်တီးတွေနဲ့ တွေ့ရတာမျိုးတော့ ရှိပါတယ်။ စစ်ခွေးဘက်တော့ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်။ သပွတ်ပင်ရွာနဲ့ ကျောက်အိုးရွာအကြားမှာ မိုင်းဆွဲခံရတဲ့ စစ်ကြောင်းကတော့ လက်နက်ခဲယမ်းများ၊ ဒရုန်းများ ဖြည့်တင်းပြီး ပြန်လည်စစ်ကြောင်းထိုးလာပါတယ်”ဟု ပြောဆိုသည်။
ထို့အတူ မေလ ၈ ရက်နေ့တွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သို့ စစ်ကား ၂၀ ထက်မနည်း ထပ်မံရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် လက်ရှိတွင် ပုဂံရှိ ခမရ ၄၁၅ တပ်ရင်းအတွင်း ရောက်ရှိနေကြပြီး ညောင်ဦး၊ တောင်သာ၊ ပုပ္ပားနှင့် ကျောက်ပန်းတောင်းမြို့နယ်များသို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။
စစ်ကောင်စီသည် အထိနာနေသည့် စစ်ကြောင်းများအတွက် အင်အားနှင့် ခဲယမ်းများ ထပ်မံဖြည့်တင်းကာ စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်တပ်စစ်ကြောင်းများ လှုပ်ရှားနေသည့် လမ်းကြောင်းတစ်လျှောက် သတိပြုသွားလာကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဆက်လက်ဝန်းရံပေးကြရန် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က နှိုးဆော်ထားသည်။




