ရန်ကုန်၊ မေ ၁၁
မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းမြောက်တို့တွင် မူးယစ်ဆေးဝါးများ တန်ဖိုးအားဖြင့် ငွေကျပ် ဘီလီယံနှင့်ချီ၍ ဖမ်းဆီးရမိကြောင်း စစ်တပ်က ထုတ်ပြန်နေသော်လည်း အမှန်တကယ်တွင် အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသူများမှာ ပြည်သူ့စစ် (ခေါ်) ပျူစောထီးအသိုင်းအ၀ိုင်းများမှ ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်များထံမှသိရှိရသည်။
စစ်တပ်လက်အောက်ခံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (CCDAC) က မန္တလေးမြို့တွင် ဧပြီလကုန်မှ မေလဆန်းအတွင်း စိတ်ကြွဆေးပြား သိန်းနှင့်ချီ၍ ဆက်တိုက်ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားပြီး ဧပြီလ ၃၀ ရက်နေ့က ချမ်းမြသာစည်မြို့နယ်တွင် အမျိုးသမီးအချို့ထံမှ စိတ်ကြွဆေးပြားများ စတင်ဖမ်းဆီးရမိခဲ့ပြီး၊ ၎င်းတို့မှတစ်ဆင့် ကွင်းဆက်ဖော်ထုတ်ရာ ပုသိမ်ကြီးမြို့နယ်တွင် ဆေးပြား ၂၄,၀၀၀ နှင့် ချမ်းမြသာစည်၊ စဉ့်ကိုင်မြို့နယ်တို့တွင် ဆေးပြား ၂၁ သိန်းကျော် (ကာလတန်ဖိုး ၃ ဒသမ ၁၆ ဘီလီယံကျော်) ကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
စစ်တပ်က ဧပြီလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်ရှိ တည်းခို ခန်းတွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချနေသူများ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ မဖြူစင်တင်လှ(ခ)ဖြူစင်နှင့် မဇွန်ဇင်ဦး(ခ)မိုင်လီတို ၂ ဦးအား စိတ်ကြွဆေးပြား ၁၁၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ယင်းနေ့ ညနေ ၆ နာရီအချိန် ပုသိမ်ကြီးမြို့နယ်၊ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာနေ မမာ လာအား စိတ်ကြွဆေးပြား ၁၆၀ ပြားနှင့်အတူဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
မေလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ပုသိမ်ကြီး မြိုနယ်၊ ကွေ့ကြီးကုန်းကျေးရွာ၊ ရေတံခွန်တောင်ရပ်တွင် မနီလာခိုင်(ခ)လွယ်နူး(ခ)ဘောပြားအား စိတ်ကြွဆေးပြား ၂၄၀၀၀ ပြား၊ NISSAN TIIDA မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီအချိန် စိတ်ကြွဆေးပြားများ ရောင်းချခိုင်းသူ အောင်ရဲကျော်(ခ)မြင့်ကျော်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြိုနယ်ရှိ မအားဖန်(ခ)ဆိုင်ဘန်း၏နေအိမ်၌ သိမ်းဆည်းထားသည့် စိတ် ကြွဆေးပြား ၁၄ ဒသမ ၇ သိန်းအား လည်း ကောင်း၊ စဉ့်ကိုင်မြိုနယ်ရှိ ၎င်းငှားရမ်းထားသည့်နေအိမ်တွင် သိမ်းဆည်းထားသည့် စိတ်ကြွဆေးပြား ၆ ဒသမ ၀၆ သိန်းအားလည်းကောင်း အသီးသီးဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ဖမ်း ဆီးမှု ဖြစ်စဉ်တွင် စုစုပေါင်းဒေသတန်ဖိုး ငွေကျပ် ၃ ဒသမ ၁၆၂၅၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁ ဒသမ ၀၀၂၇၅ သိန်းအား ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြိုနေ အားယုံ(ဖမ်းဆီးရန်ကျန်)မှ မန္တလေးမြိုတွင် ဖြန့်ဖြူးရောင်းချရန် ပေးပို့ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဖမ်းဆီးရရှိတဲ့သူတွေက ပြည်သူ့စစ်တွေရဲ့ အဆက်အနွယ် တွေ။ မဖြူစင်တင်လှ ဆိုရင် မန္တလေးက ပြည်သူ့ စစ်မိသားစုဝင်။ သူ့အဖေနဲ့ အကိုတွေက ပျူစောထီးတွေ။ နောက်ပြီး ပြည်ကြီးတံခွန်ပျူစောထီး စံရှားနှင့် အောင်နိုင်ထွေး (ခ) နှုတ်ခမ်းမွှေးတို့အဖွဲ့ကလည်း မူးယစ်ဆေးဝါးပဲ လုပ်နေကြတာ။ ကွတ်ခိုင်က မူးယစ်ဆေးပေးပို့သူကလည်း ပြည်သူ့စစ်ပဲလို့ သိရတယ်” ဟု မန္တလေးမှ တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
အလားတူ ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ကလေးမြို့အဝင်၌ သက်ပိုင်စိုး မောင်းနှင်ပြီး ဇော်ထိုက် လိုက်ပါလာသော NISSAN CONDOR ယာဉ်နှင့် မျိုးရဲနိုင် မောင်းနှင်ပြီး ကျော်လင်း လိုက်ပါလာသော GOLDEN TRUCK ယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်း၌ နိုင်လင်းဇော် မောင်းနှင်ပြီး နေလင်းဦး(ခ)ဆေးဆရာ လိုက်ပါလာသော NISSAN CONDOR ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၈ ဒသမ ၆ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဘိန်းဖြူ ၇၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၈၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသင်္ည။
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိဘိန်းဖြူများအား ကလေးမြို့တွင် လက်ခံမည့်သူ ညွန့်တင် အား ကလေးမြို့အဝင်၌လည်းကောင်း၊ လားရှိုးမှကလေးသို့သယ်ဆောင်ခိုင်းသူ နိုင်ဝင်း(ခ)ရုပ်ဆိုး အား ပြည်မြို့နယ်၊ ပြည် – အောင်လံသွားလမ်း၊ တီတွတ်ကျေးရွာအနီးတွင် TOYOTA HILUX ယာဉ် ၁ စီးနှင့်လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ကွင်းဆက်အရ ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘဂျမ်း အား စဉ့်ကိုင်မြို့နယ်၊ ကတိုးကျေးရွာရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ် ချက်အရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၅၉ လမ်းနှင့် ၁၃၉ လမ်းထောင့်တွင် ရပ်တန့်ထားသည့် NISSAN CONDOR ၆ ဘီးယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၄ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၆ ဘီလီယံ)အား ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု သိရှိရသင်္ည။
ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ငွေကျပ် ၉ ဒသမ ၈၅ ဘီလီလံတန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်းတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကလေးသို့ အဓိကသယ်ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ ကိုအောင်(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က ပျူစောထီးများနှင့် ပြည်သူ့စစ်များကို လုံခြုံရေးအတွက် လက်သပ်မွေးထားခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို ခွင့်ပြုထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်သည်။







