27 C
Yangon

ဖားကန့်၊ လုံးခင်းနှင့် မှော်စီဆာ ကျေးရွာဘက်တွင် စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူများ အပါအဝင် နေအိမ်များကိုပါ ဝင်ရောက်စီးနင်း၍ ငွေကြေး၊ ဆိုင်ကယ်၊ ဖုန်းနှင့် ရွှေထည် ပစ္စည်းများကို ဓားပြတိုက်ယူနေ

Must read

ရန်ကုန်၊ မေ ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း နှင့် မှော်စီဆာ ကျေးရွာဘက်တွင် အကြမ်းဖက် စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူများ အပါအဝင် နေအိမ်များကိုပါ ဝင်ရောက်စီးနင်း၍ ငွေကြေး၊ ဆိုင်ကယ်၊ ဖုန်းနှင့် ရွှေထည် ပစ္စည်းများကို ဓားပြတိုက်ယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန့်နေ မေလ ၁၀ ရက်နေ့တွင် လုံးခင်းရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် ဥရုဟိုတယ်ကို ဝင်ရောက် စီးနင်း၍ ငွေကြေးများနှင့် အဖိုးတန် ပစ္စည်းများကို ရှာဖွေ ယူဆောင်သွားကြောင်း၊ ထို့နောက် စစ်ကြောင်းသည် မှော်စီဆာရွာဘက်ကို တက်လာပြီးနောက် ရွှေညောင်ပင်ဆီဆိုင်ကို ထပ်မံ ဝင်ရောက်စီးနင်းကာ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများကို အတင်းအဓမ္မ ဓားပြတိုက်၍ ထပ်မံ ယူဆောင်သွားကြောင်း သိရသည်။

ထိုသို့ ပြည်သူပိုင် ပစ္စည်းများကို ယူဆောင်သွားပြီးနောက် စစ်သားများက ပြည်သူများကို သေနတ်ထောက်၍ ခြိမ်းခြောက်ပြောဆိုခြင်းများပါ လုပ်ဆောင်သွားကြောင်း၊ ယင်း စစ်ကြောင်းသည် ၎င်းတို့ သွားရာ လမ်းတောက်လျောက်တွင်လည်း မိုင်းများထောင်ထားခဲ့ပြီး မှော်စီဆာရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း သိရှိရသည်။

ယနေ့ မေလ ၁၁ ရက်နေ့တွင်လည်း ထို စစ်ကြောင်းသည် မှော်စီဆာရွာလမ်းပိုင်းရှိ လမ်းသွား၊ လမ်းလာ ပြည်သူများထံမှ နားကပ်၊ လက်စွပ်၊ ဆိုင်ကယ်၊ ဖုန်းများကို အတင်း အဓမ္မ သေနတ်ထောက်၍ ခြိမ်းခြောက်ယူဆောင်သွားကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် ရွှေညောင်ပင်ဆီဆိုင်အနီးရှိ တရုတ် ၁ ဦး၏ နေအိမ်ကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး ပစ္စည်းအများအပြားကို ယူဆောင်သွားကြောင်း သိရသည်။

“ရွှေညောင်ပင် ဆီဆိုင်က ငွေကြေးတွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကိုလည်း စစ်ခွေးတွေက ယူသွားတယ်။ ရွှေညောင်ပင် ဆီဆိုင်ရဲ့ ဘေးက လော်ပန်းပါကျဲအိမ်ကလည်း တော်တော်ပါသွားတယ်လို့ ကြားသိရတယ်။ အောင်ကမ္ဘာကိတ်မုန့်ဆိုင် ရှိတယ်။ စစ်တပ်က ဖုန်းတွေ ရွှေထည် ပစ္စည်းတွေပါ အကုန်ဖြုတ်ယူတယ်တဲ့ ဖုန်းကောင်းတယ်ဆို ယူတယ်။ ဆိုင်ကယ်ကောင်းတယ်ဆို ယူတယ်။ လော်ပန်းပါကျဲအိမ်က အများဆုံးပါသွားတယ်။ ပါကျဲအိမ်ကလည်း စစ်ခွေးတွေက ထမင်းတောင်းစားသွားတယ်လို့လည်း သိရတယ်။ ဟိုကလည်း မ‌ပြောရဲကြဘူး အန္တရယ် ပြုမှာဆိုးတော့ လော်ပန်းပါကျဲအိမ်က ရွှေညောင်ပင်ဆီဆိုင်နဲ့ ကပ်လျက်မှာရှိတာ လော်ပန်းပါကျဲအိမ်က အိမ်ကြီးအိမ်ကောင်း အရင်တုန်းက ကျောက်တွေလည်းအောင်ထားတယ်။ အောင်ကမ္ဘာကိတ်မုန့်ဆိုင်မှာ စစ်ခွေးတွေက ရေတွေ မုန့်တွေစားနေကြတာ ၅ ယောက်လောက်ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မေလ ၁၀ ရက်နေ့ကလည်း ဖားကန့်တပ်မကုန်းမှ အကြမ်းဖက် စစ်သားများသည် နမ့်မဖြစ်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စားသောက်ဆိုင်တစ်ဆိုင်ကို ဒရုန်းဗုံးသီး ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၈ ရက်နေ့ကလည်း ဖားကန့်မြို့ မှော်စီဆာရွာ ဘုရားကုန်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် မှော်စီဆာရွာ ဘုန်းကြီးကျောင်းနားတွင်ရှိနေသော ပြည်သူ ၁ ဦးကို ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article