26.2 C
Yangon

NLD အစိုးရလက်ထက် အမေရိကန်ဘဏ် Federal Reserve Bank of New York တွင် အပ်နှံထားသည့် ဒေါ်လာ ၁ ဘီလီယံကို တော်လှန်ရေးအင်အားစုများထံ လွှဲပြောင်းပေးရန် တင်ပြမှု အပေါ် သေချာစွာ ပြန်လည်သုံးသပ်သွားမည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အကြောင်းပြန်

Must read

ရန်ကုန်၊ မေ ၁၃

NLD အစိုးရလက်ထက်က အမေရိကန်နိုင်ငံ Federal Reserve Bank of New York တွင် အပ်နှံထားသည့် မြန်မာနိုင်ငံပိုင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို တော်လှန်ရေးအင်အားစုများထံ လွှဲပြောင်းပေးရန် အမေရိကန်အစိုးရထံ တင်ပြမှုကို သေချာစွာ ပြန်လည်သုံးသပ်သွားမည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael George DeSombre က အကြောင်းပြန်ကြားထားကြောင်း သိရှိရသည်။

ယခုနှစ် မတ်လ ၂၃ ရက်နေ့ BRI အဖွဲ့ အပါအဝင် American Baptist Churches USA ၊အဖွဲ့အစည်းပေါင်း ၄၇ ဖွဲ့နှင့် လူပုဂ္ဂိုလ် ၁၇ ဦးတို့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ကြသည်။

အဆိုပါ ပေးစာတွင် အမေရိကန် Federal Reserve Bank of New York တွင် ထိန်းသိမ်းထားသည့် မြန်မာပြည်သူများ ပိုင်ဆိုင်သော ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို တော်လှန်ရေးအင်အားစုများက စစ်ရေးမဟုတ်သော ရည်ရွယ်ချက်များ (Non-lethal purposes) အတွက် အသုံးပြုနိုင်ရန် အမေရိကန်အစိုးရထံသို့တင်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တင်ပြမှုနှင့် ပတ်သက်၍ သေချာစွာ ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael George DeSombre က မေလ ၆ ရက်နေ့တွင် ပြန်လည်အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။

Burma Research Institute-BRI ဥက္ကဋ္ဌ ဦးဇိုသုန်းမှုန်က “ဒီ အမေရိကန်ဒေါ်လာ ရန်ပုံငွေ ၁ ဘီလီယံကို အမေရိကန်သမ္မတ ဘိုင်ဒင်လက်ထက်မှာ စစ်အာဏာသိမ်းထားတဲ့သူတွေ ထုတ်မရအောင် တားမြစ်မိန့် ထုတ်ထားတာပါ။ ဒီပိုက်ဆံတွေက မြန်မာပြည်သူတွေရဲ့ ပိုက်ဆံပါ။ ဒါကြောင့် အဲဒါကို တော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတော်လှန်ရေးတပ်တွေ Non-lethal purposes လို့ ခေါ်တဲ့ စစ်ရေးမဟုတ်သော ရည်ရွယ်ချက်တွေအတွက် သုံးဖို့ ပေးဖို့ တောင်းခံထားပါတယ်။ ဒါကိုလည်း သူတို့ သုံးသပ်စိစစ်မယ်လို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက အကြောင်းပြန်ထားပါတယ်” ဟု ရှင်းပြသည်။

မတ်လ ၂၃ ရက်နေ့က ပေးပို့ခဲ့သော အိတ်ဖွင့်ပေးစာတွင် မြန်မာစစ်တပ်က ခရစ်ယာန်ဘာသာဝင်များနှင့် လူနည်း စု တိုင်းရင်းသား ပြည်သူများအပေါ် လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်နေသည့် အခြေအနေများကို အသိပေးခဲ့ပြီး၊ အမေရိကန်အစိုးရအနေဖြင့် မြန်မာ့အရေးအတွက် လုပ်ဆောင်သင့်သည့် အချက် ၁၀ ချက်ကို တင်ပြခဲ့ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန (East Asian and Pacific Affairs) မှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael George DeSombre က မေလ ၆ ရက်စွဲဖြင့် ပေးပို့သော ပြန်ကြားစာတွင် မြန်မာ့အရေးအတွက် အကြံ ပြုချက် ၁၀ ချက်လုံးကို သေချာစွာ ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်းနှင့် စစ်အုပ်စုအနေဖြင့် အရပ်သားများကို ထိခိုက်စေသည့် အကြမ်းဖက်မှုများ ရပ်တန့်စေရန် မည်သို့ ထိရောက်စွာ ဖိအားပေးနိုင်မည်ကို ဆန်းစစ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ထို့အပြင် အမေရိကန်အစိုးရအနေဖြင့် စစ်အုပ်စုအား တာဝန်ခံမှုရှိစေရန်အတွက် ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်းလည်း အကြောင်းပြန်စာတွင် ထည့်သွင်းပြောကြားထားသည်။

အမေရိကန်အစိုးရထံသို့ တင်ပြခဲ့သည့် အဆိုပါစာတွင် ချင်း၊ ကချင်၊ ကရင်၊ ဇိုမီး၊ ရိုဟင်ဂျာ စသည့် တိုင်းရင်း သားအဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများစွာ စုပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article