ရန်ကုန်၊ မေ ၁၄
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့သော မင်းအောင်လှိုင်၊ လူပုဂ္ဂိုလ်များနှင့်ကုမ္ပဏီများအပေါ် ဥရောပသမဂ္ဂ (EU) ကချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ၂၀၂၇ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ပြီး ယင်းစီးပွားရေးပိတ်ဆို့မှုများကို EU အဖွဲ့ဝင်မဟုတ်သော အခြားဥရောပ ၁၁ နိုင်ငံများကလည်း ပူးပေါင်းပါဝင်မည်ဟု ကတိပြုလိုက်ကြောင်း သိရှိရသည်။
EU က မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်များအပေါ် စီးပွားရေးပိတ်ဆို့မှုများ သက်တမ်း ၁ နှစ် ထပ်မံ တိုးမြှင့်ခဲ့ခြင်းကို ဧပြီလ ၂၇ ရက်နေ့တွင် ဆုံးဖြတ် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Kaja Kallas က ပြောသည်။
ဥရောပသမဂ္ဂ၏ ယခု စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ သက်တမ်းတိုးမှုတွင် လက်ရှိပိတ်ဆို့မှုစာရင်း၌ ပါဝင်နေသည့် မင်းအောင်လှိုင် အပါအဝင် လူပုဂ္ဂိုလ် ၃၃ ဦးနှင့် အဖွဲ့အစည်း ၉ ခုကို ပြင်ဆင်သတ်မှတ်မှုများ ပြုလုပ်မည်ဖြစ်ပြီး ကွယ်လွန်သွားသူ တစ်ဦးကိုမူ စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ပိတ်ဆို့မှုများတွင် ပိုင်ဆိုင်မှုများအား ချိတ်ပိတ်ခြင်းနှင့် ရန်ပုံငွေများ ရယူသုံးစွဲခွင့်ကို ကန့်သတ်ခြင်းများ ပါဝင်သည်။
အထူးခြားဆုံးအချက်မှာ EU အဖွဲ့ဝင်မဟုတ်သော အယ်လ်ဘေးနီးယား (Albania)၊ အာမေးနီးယား (Armenia)၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား (Bosnia and Herzegovina)၊ အိုက်စလန် (Iceland)၊ လစ်တန်စတိန်း (Liechtenstein)၊ မော်လ်ဒိုဗာ (Moldova)၊ မွန်တီနီဂရိုး (Montenegro)၊ မြောက်မက်ဆီဒိုးနီးယား (North Macedonia)၊ နော်ဝေ (Norway)၊ ဆားဘီးယား (Serbia)၊ ယူကရိန်း (Ukraine)စသည့် ဥရောပနိုင်ငံ ၁၁ နိုင်ငံတို့ကလည်း မြန်မာနိုင်ငံအပေါ် EU ကချမှတ်ထားသော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများတွင် ပူးပေါင်းပါဝင်ကြမည်ဟု ကတိပြုလိုက်ကြသည်။
အဆိုပါ EU အဖွဲ့ဝင်မဟုတ်သော နိုင်ငံ ၁၁ နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့ရေး ပူးပေါင်းဆောင်ရွက်မှုကို EU က ကြိုဆိုလိုက်ပြီး EU တွင် နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်နေရာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများကို နိုင်ငံပေါင်း ၃၈ ခုက အရေးယူဆောင်ရွက်ထားခြင်းဖြစ်သည်။
ယင်းအပြင် အမေရိကန်၊ ကနေဒါ၊ ဗြိတိန် အပါအဝင် အနောက်နိုင်ငံကြီးများကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော မြန်မာ စစ်ခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များနှင့် စီးပွား ရေး အဖွဲ့အစည်း၊ ကုမ္ပဏီများကို ဒဏ် ခတ်အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။




