26.2 C
Yangon

ထိုင်းနိုင်ငံတွင် တရားမဝင်နိုင်ငံခြားသားများကို ၃ လအထူးစီမံချက်ဖြင့် ဖမ်းဆီးရန် ပြင်ဆင်နေသဖြင့် သတိပြုကြရန် မြန်မာအလုပ်သမားအရေး ကျွမ်းကျင်သူများ သတိပေး

Must read

ရန်ကုန်၊ မေ ၁၅

ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို ရှာဖွေဖော်ထုတ်၍ အဆင့် ၃ ဆင့်ပါဝင်သော ၃ လတာ အထူးစီမံကိန်းဖြင့် ဖမ်းဆီးနှိမ်နင်းသွားမည်ဖြစ်ရာ၊ အဆိုပါ ဖမ်းဆီးမှုများတွင် မြန်မာအလုပ်သမားများ အများဆုံး ပါဝင်သွားနိုင်သဖြင့် နေထိုင်ခွင့် အထောက်အထားများကို ကြိုတင်ပြင်ဆင်ထားရန်နှင့် အထူးသတိပြု နေထိုင်ကြရန် MHAC မဟာမိတ်အဖွဲ့ဦးဆောင်စီစဉ်သူ AAC မှ ကိုရဲမင်းက သတိပေးလိုက်သည်။

မေလ ၁၂ ရက်နေ့တွင် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲဗိုလ်ချုပ်ကြီး Kitrat Panphet က နိုင်ငံခြားသားအများအပြား နေထိုင်သည့် နေရာများ၌ တရားမဝင် နေထိုင်လုပ်ကိုင်နေသူများကို ရှာဖွေနှိမ်နင်းသွားရန် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့များကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းစီမံချက်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ တရားမဝင် ဝင်ရောက်နေထိုင်မှုများ၊ ထိုင်းနိုင်ငံကို ကြားခံအဖြစ် အသုံးပြုကာ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ နိုင်ငံခြားသားများကို တရားမဝင် အလုပ်ခန့်ထားခြင်းနှင့် ထိုင်းနိုင်ငံသား အမည်ခံ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ကို ကာကွယ်ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။

အဆိုပါ အထူးစီမံကိန်းကို အဆင့် ၃ ဆင့်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပထမအဆင့်အဖြစ် ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်၍ လုပ်ငန်းလုပ်ကိုင်နေသူများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးမည်ဖြစ်ပြီး၊ အချက်အလက်များ စုဆောင်းသွားမည်ဖြစ်သည်။

အထူးသဖြင့် မူးယစ်ဆေးဝါး၊ အမည်ခံစီးပွားရေးလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ရာဇဝတ်မှုများ၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာအမှုများ၊ လိင်ပိုင်းဆိုင်ရာလုပ်ငန်းများနှင့် လူမှောင်ခိုပို့ဆောင်မှုများကို တင်းတင်းကျပ်ကျပ် နှိမ်နင်းမည်ဖြစ်သည်။

ဒုတိယအဆင့်အနေဖြင့် ဝင်မှုကြီးကြပ်ရေးဌာန (လ၀က) နှင့် ပူးပေါင်း၍ တရားမဝင် နေထိုင်လုပ်ကိုင်နေသူများကို အမြစ်ပြတ် ရှင်းလင်းမည် ဖြစ်သည်။ နိုင်ငံခြားသားများ၏ နေထိုင်ခွင့်ဗီဇာနှင့် စီးပွားရေးလုပ်ငန်း အချက် အလက်အားလုံးကို တိုက်ဆိုင်စစ်ဆေးပြီး ပြစ်မှုကျူးလွန်သူများကို ဗီဇာရုပ်သိမ်းသွားမည်ဖြစ်သည်။

တတိယအဆင့်အဖြစ် ၁ နှစ်မှ ၂ နှစ်အတွင်း ရဲတပ်ဖွဲ့စနစ်ထဲသို့ နိုင်ငံခြားသားများ၏ အချက်အလက်များကို ထည့်သွင်းကာ Database စနစ်တစ်ခု ဖန်တီးမည်ဖြစ်သည်။ ထိုမှတစ်ဆင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ လူမှောင်ခိုမှုများနှင့် ဆက်စပ်၍ နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) နှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားဦးရေ အများဆုံးဖြစ်ခြင်းကြောင့် ယခုဖမ်းဆီးမှုများတွင် မြန်မာလုပ်သားများ အများအပြား ပါဝင်လာနိုင်ခြေ ရှိနေသည်။ ထိုင်းအာဏာပိုင်များက စက်ရုံ၊ အလုပ်ရုံများသို့ ဝင်ရောက်စစ်ဆေးချိန်တွင် နေထိုင်ခွင့်အထောက်အထား ပြည့်စုံမှု ရှိ၊ မရှိ နှင့် ရက် ၉၀ အစီရင်ခံစာ (90 Days Report) တိုင်ကြားထားမှု မှန်ကန်မှု ရှိ၊ မရှိတို့ကို အလေးထား စစ်ဆေးမည်ဖြစ်သည်။

“ဒီတစ်ချိန် ၃ လအတွင်း ဖမ်းဆီးမှုကတော့ ပြင်းပြင်းထန်ထန် ထိုင်းအာဏာပိုင်တွေဘက်က လုပ်လာလိမ့်မယ်။ အရင်ဆုံး ထိမှာကတော့ ထိုင်းနိုင်ငံမှာ အများဆုံးဖြစ်နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေပဲ။ စက်ရုံအလုပ်ရုံတွေမှာ ဝင်စစ်တဲ့အခါ ကိုယ့်ရဲ့ နေထိုင်ခွင့် အထောက်အထားတွေ ပြည့်စုံရဲ့လား၊ ရက် ၉၀ အစီရင်ခံစာကအစ၊ နောက်ဆုံး ကိုယ်လုပ်နေတဲ့ အလုပ်ရှင်ဆီမှာ ကိုယ့်ရဲ့ ဝေါ့ပါမစ်က အလုပ်ရှင်နာမည် မှန်ရဲ့လားဆိုတာ စစ်ဆေးရမယ်။ အခုဆို ဆောက်လုပ်ရေးဆိုဒ်တွေမှာ အထောက်အထားရှိတဲ့လူတွေပါ ကြောက်ပြီး ထွက်ပြေးနေရတယ်။ ကားလမ်းတွေကို အသည်းအသန် ဖြတ်ပြေးရင်း ယာဉ်တိုက်မှုတွေဖြစ်ပြီး အသက်အန္တရာယ်ပါ စိုးရိမ်နေရတဲ့ အခြေအနေတွေအထိ ဆိုးနေတာပါ” ဟု MHAC မဟာမိတ်အဖွဲ့ဦးဆောင်စီစဉ်သူ AAC ကိုရဲမင်းက ဆိုသည်။

ထို့ပြင် အလုပ်ရှင် ပြောင်းရွှေ့ထားသော်လည်း ၄ လကြာမြင့်သည်အထိ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) တွင် အလုပ်ရှင်အမည် ပြောင်းလဲထားခြင်း မရှိသူများမှာ အဓိက ဖမ်းဆီးခံရနိုင်ခြေ ရှိနေပြီး၊ ဖမ်းဆီးခံရပါက ဗီဇာဖျက်သိမ်းကာ နေရပ်ပြန်ပို့ခံရမည့် အခြေအနေများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်နေပြီး အခြားသူဌေးအမည်ခံကာ ကြုံရာအလုပ် ဝင်လုပ်နေရသူများလည်း အများအပြား ရှိနေသည်။ ထို့ကြောင့် မြန်မာအလုပ်သမားများအနေဖြင့် မိမိ၏ ဝေါ့ပါမစ်ပါ အလုပ်ရှင်အမည် မှန်ကန်မှု ရှိ၊ မရှိကို အလုပ်ရှင်ထံ မေးမြန်းခြင်းနှင့် မိမိကိုယ်တိုင် စစ်ဆေးခြင်းများ ပြုလုပ်ရန် လိုအပ်သည့်အပြင်၊ ထိုင်းဥပဒေအရ နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသည့် လုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများတွင် ပတ်သက်မှုရှိနေခြင်းများကို အထူးရှောင်ကြဉ်ရန် လိုအပ်သည်။

အောက်ခြေရှိ မြန်မာလုပ်သားများမှာ အဖမ်းခံရရန် ထိပ်ဆုံးက ရှိနေခြင်းကြောင့် လာမည့် ၃ လအတွင်း အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရသည့် သတင်းများ ကြားရနိုင်ခြေရှိပြီး၊ ဆောက်လုပ်ရေးဆိုဒ်အချို့တွင် အထောက် အထားရှိသူများပင် ကြောက် လန့်တကြား ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် အားလုံးအနေဖြင့် အထူးသတိဝီရိယ ထားရှိကြရန် အလုပ်သမားအရေး ကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

ဓာတ်ပုံ- ကိုဗစ်ကာလ မြန်မာအလုပ်သမားများကို ထိုင်းအာဏာပိုင်များက စစ်ဆေးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article