ရန်ကုန်၊ မေ ၁၅
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာအတွင်း သေနတ်ပစ်ဖောက်ပြီး မူးယစ်ရမ်းကားနေသည့် ရဲတပ်သား နိုင်မင်းကိုအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၀ ရက်နေ့တွင် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းမှ ရဲတပ်သား နိုင်မင်း သည် မောင်းမကန်ရွာအတွင်း မူးယစ်ရမ်းကားပြီး သေနတ်ပစ်ဖောက်နေ၍ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် မှ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်ဖမ်းဆီးစဉ် ရဲတပ်သား နိုင်မင်းကို မောင်းမကန်ကမ်းခြေရှိ တနင်္သာရီဟိုတည်တွင် ၎င်းကိုင်ဆောင်သော G-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၅ဝ တောင့် ၊ စကားပြောစက် ၁ လုံးနှင့် စစ်အသုံးအဆောင် ပစ္စည်းတချိုနှင့် အတူ အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
“မောင်းမကန်ရဲစခန်းက ရဲတပ်သား နိုင်မင်း က မောင်းမကန်ရွာထဲမှာ မူးရူး သေနတ်ပစ်ဖောက်ပြီး ကမ်းခြေက တနင်္သာရီဟိုတည်ကို ရောက်နေတုန်း ကျနော်တို့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ သူ့ကို စစ်သုံ့ပန်းဥပဒေအတိုင်း ဆက်လက် အရေးယူ ဆောင်ရွက်သွားမယ်” ဟု ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
ထို ရဲတပ်သား နိုင်မင်းကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် အနေဖြင့် နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် တိုက်ပွဲအရှိန်ပိုမို မြှင့်တင်ရန်ဆောင်ရွက်လျှက်ရှိသည့်အားလျှော်စွာ စစ်သား၊ ပျူစောထီး၊ စစ်မှုထမ်းနှင့် ရဲများအနေဖြင့် နီးစပ်ရာ တော်လှန်ရေး အဖွဲ့များနှင့် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် ဒူရကစစ်ကြောင်းက ဖိတ်ခေါ်ထားသည်။
ပြည်သူများအနေဖြင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများကို အရှိန်အဟုန်တိုးမြှင့်စွာ ဆောင်ရွက် နေသည့် အချိန်ဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်နှင့် စစ်ကောင်စီတပ်မှ အချိန်မရွေး လေကြောင်းအသုံးပြုတိုက်ခိုက်မှုများရှိနိုင်သောကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကြပါရန် ဒူရကစစ်ကြောင်းက တိုက်တွန်းထားသည်။




