26.2 C
Yangon

စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားသော မြန်မာနိုင်ငံမှ ကျွန်းသစ်များ တရားမဝင်တင်သွင်းမှုဖြင့် ဗြိတိန် ဇိမ်ခံရွက်လှေကုမ္ပဏီကို အမေရိကန်အစိုးရက အရေးယူ

Must read

ရန်ကုန်၊ မေ ၁၅

အမေရိကန်၊ ဗြိတိန်နိုင်ငံတို့က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားသော မြန်မာနိုင်ငံမှ ကျွန်းသစ် တရားမဝင်တင်သွင်း မှုဖြင့် ဗြိတိန် ဇိမ်ခံရွက်လှေကုမ္ပဏီကို အမေရိကန်အစိုးရက အရေးယူလိုက်ပြီး ယင်းအရေးယူမှုကို သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) က ကြိုဆိုလိုက်သည်။

ဗြိတိန်အခြေစိုက် ဇိမ်ခံရွက်လှေ ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သည့် Sunseeker International Ltd နှင့် လက် အောက်ခံ အမေရိကန် Sunseeker USA Sales ကုမ္ပဏီတို့က မြန်မာနိုင်ငံမှ တရားမဝင်ရရှိထားသော ကျွန်းသစ်များကို အသုံးပြုခဲ့သည့်အတွက် အမေရိကန်နိုင်ငံ၏ Lacey Act (သစ်တောနှင့် တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဥပဒေ) ကို ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရခြင်းဖြစ်သည်။

ယခုအရေးယူမှုသည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ကျွန်းသစ်နှင့် ပတ် သက်၍ အမေရိကန်အစိုးရ၏ အကြီးမားဆုံး အရေးယူဆောင်ရွက်မှုတစ်ခု ဖြစ်သည်။

တရားမဝင် သစ်ခုတ်မှုများနှင့် ယင်းနှင့်ဆက်စပ်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုက်ဖျက်ရာတွင် အမေရိကန်၏ Lacey Act နှင့် ဥရောပသမဂ္ဂ၏ သစ်တောစည်းမျဉ်း (EUTR) ကဲ့သို့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများ၏ အရေးပါမှုကို ယခုဖြစ်စဉ်က သက်သေပြနေသည်။

အမေရိကန် တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယူကေနိုင်ငံ၊ ဒေါဆက် (Dorset) အခြေစိုက် Sunseeker ကုမ္ပဏီသည် အမေရိကန်သို့ တင်သွင်းမည့် ဇိမ်ခံရွက်လှေများတွင် တရားမဝင် မြန်မာ့ကျွန်းသစ်များကို အသုံးပြုခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် အမေရိကန်ဒေါ်လာ ၂ သိန်း (၂၀၀,၀၀၀) ဒဏ်ရိုက်ခြင်းခံခဲ့ရကာ ဥပဒေလိုက်နာရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုပါ ဆောင်ရွက်ရန် သဘောတူညီခဲ့ရသည်။ ၎င်းကုမ္ပဏီကို လာမည့် ဩဂုတ်လ ၂၀ ရက်နေ့တွင် တရားဝင် ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်သည်။

မြန်မာ့ကျွန်းသစ်သည် ခိုင်ခံ့မှုနှင့် လှပမှုတို့ကြောင့် ဇိမ်ခံရွက်လှေများ၏ ကုန်းပတ်များနှင့် အလှဆင်ပစ္စည်းများအတွက် ကမ္ဘာ့ဈေးကွက်တွင် အလွန်တန်ဖိုးကြီးလှသည်။

EIA ၏ သစ်တောကမ်ပိန်းခေါင်းဆောင် ဖြစ်သူ Faith Doherty က “မြန်မာ့ကျွန်းသစ် ကုန်သွယ်မှုဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှုတစ်ခုမဟုတ်ပါဘူး။ ဒီကုန်သွယ်မှုကရတဲ့ ဝင်ငွေတွေဟာ အရပ်သားတွေအပေါ် အကြမ်း ဖက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေတဲ့ မြန်မာစစ်ကောင်စီကို ငွေကြေးအရ ထောက်ပံ့ပေးနေလို့ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

၎င်းက ဆက်လက်ပြီး အမေရိကန် Lacey Act နှင့် ဥရောပ EUTR ဥပဒေများသည် အန္တရာယ်ကြီးမားသော ထောက်ပံ့ရေးကွင်းဆက်များတွင် ကုမ္ပဏီများ တရားမဝင် ပါဝင်ပတ်သက်နေမှုကို တားဆီးရန် မရှိမဖြစ်လိုအပ်သော လက်နက်များဖြစ်ကြောင်း၊ ယခုအမှုတွင် ပါဝင်သည့် ရွက်လှေနှစ်စင်းမှာ ဒေါ်လာ ၂ ဒသမ ၉၈ သန်းနှင့် ၁ ဒသမ ၀၇ သန်းခန့် တန်ကြေးရှိသဖြင့် ဒေါ်လာ ၂ သိန်း ဒဏ်ငွေဆိုသည်မှာ ကုမ္ပဏီအတွက် လက်ဖျားလေးပုတ်ရုံမျှသာ ဖြစ်သော်လည်း မြန်မာနိုင်ငံက ကျွန်းသစ်ဝယ်ယူခြင်း၏ အန္တရာယ်ကို ကုမ္ပဏီများအနေဖြင့် လျစ်လျူရှု ၍မရတော့ကြောင်း သတိပေးချက်တစ်ခု ဖြစ်လာသည်ဟု ဆိုသည်။

EIA အဖွဲ့သည် အဆိုပါ Sunseeker ကုမ္ပဏီ၏ ထောက်ပံ့ရေးကွင်းဆက်တွင် ဥရောပသစ်တောဥပဒေများကို ချိုးဖောက်ထားသည့် မြန်မာ့ကျွန်းသစ်များ ပါဝင်နေကြောင်းကို ၂၀၁၈ ခုနှစ်ကတည်းက စုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါကုမ္ပဏီက ၂၀၂၄ ခုနှစ်အတွင်းကလည်း မြန်မာ့ကျွန်းသစ်များကို တရားမဝင်တင်သွင်းခဲ့မှုကြောင့် ယူကေနိုင်ငံ သစ်တောစည်းမျဉ်းဆိုင်ရာ ရာဇဝတ်မှုဖြင့် ဗြိတိန်တရားရုံးတွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့ရပြီး ဗြိတိန်ပေါင် ၃၅၈,၇၅၉.၆၄ ဒဏ်ရိုက်ခြင်း ခံခဲ့ရဖူးသည်။

ဗြိတိန်နိုင်ငံ Bournemouth တရားရုံးမှ တရားသူကြီး Jonathan Fuller KC က EU မှ ဗြိတိန်နိုင်ငံက နုတ်ထွက်ပြီးနောက် သစ်တင်သွင်းမှု စည်းမျဉ်းများ ပြောင်းလဲသွားမည်ကို ကုမ္ပဏီက ကြိုတင်သိရှိပါလျက်နှင့် ဥပဒေကို ချိုးဖောက်ခဲ့ခြင်းမှာ စနစ်တစ်ခုလုံး၏ ပျက်ကွက်မှုဖြစ်ကြောင်းနှင့် EIA အဖွဲ့က ၂၀၁၈ ခုနှစ်ကတည်းက ၎င်းတို့အား သတိပေးခဲ့ဖူးကြောင်း ထောက်ပြသည်။

မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍတွင် အဂတိလိုက်စားမှု၊ တရားမဝင် သစ်ခုတ်မှုများနှင့် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ နှစ်ရှည်လများ ရှိခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံပိုင် သစ်တောကဏ္ဍမှ ရရှိသော ဝင်ငွေများသည် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို ထောက်ပံ့ပေးနေသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ကျွန်းသစ်ကို တရားဝင် ပြည်ပသို့ တင်ပို့ပိုင်ခွင့်ရှိသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သော မြန်မာ့သစ်လုပ်ငန်း (MTE) ကို အမေရိကန်၊ ယူကေနှင့် ဥရောပသမဂ္ဂ (EU) တို့က ပိတ်ဆို့အရေးယူမှု (Sanction) ချမှတ်ထားသည်။

EIA ၏ ၂၀၁၈ ခုနှစ် အစီရင်ခံစာဖြစ်သော “A Tale of Two Laws” တွင်လည်း ဥပဒေစိုးမိုးမှု အားနည်းချက်များနှင့် လိုအပ်ချက်များကြောင့် တရားမဝင် မြန်မာ့ကျွန်းသစ်များသည် အဂတိလိုက်စားမှုနှင့် ပဋိပက္ခများကို ရန်ပုံငွေထောက်ပံ့ပေးနေသည့်တိုင် နိုင်ငံတကာဈေးကွက်သို့ ဆက်လက်ဝင်ရောက်နေပုံကို အသေးစိတ် ဖော်ပြခဲ့ဖူးသည်။

ယခု အမေရိကန်အစိုးရ၏ အရေးယူမှုက ပြတ်ပြတ်သားသား အကောင်အထည်ဖော်မည်ဆိုပါက ခိုင်မာသော ဥပဒေဘောင်များက အလုပ်ဖြစ်ကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအောက်၌ သစ်တောကဏ္ဍကို လွတ်လပ်စွာ ထိန်းချုပ်ရန် မဖြစ်နိုင်သေးသရွေ့ မြန်မာ့ကျွန်းသစ်များကို ဝယ်ယူခြင်းသည် ဥပဒေအရော၊ ပတ်ဝန်းကျင်နှင့် ကျင့်ဝတ်ပိုင်းအရပါ လက်ခံနိုင်စရာမရှိသည့် စွန့်စားမှုများ ရှိနေကြောင်း EIA က သတိပေးထားသည်။

ထို့ကြောင့် နိုင်ငံတကာအစိုးရများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံမှ တရားမဝင် သစ်တင်သွင်းမှုများကို အရေးယူမှုကို ပိုမိုတင်းကျပ်ရန်၊ စီးပွားရေးပိတ်ဆို့မှု- Sanction ချမှတ်ခံထားရသည့် အဖွဲ့အစည်းများနှင့် ဆက်စပ်နေသော အန္တရာယ်ရှိ ထောက်ပံ့ရေးကွင်းဆက်များကို သေချာစိစစ်ရန်၊ ခိုင်မာသော ဥပဒေစိုးမိုးရေး စစ်ဆေးမှုလုပ်ငန်းစဉ်များကို အပြည့်အဝ ထောက်ခံအားပေးရန်၊ သစ်တောပြုန်းတီးမှုဖြစ်စေသော ကုန်ပစ္စည်းများကို ဝယ်ယူပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီများကို ထိရောက်စွာ အရေးယူရန် EIA အဖွဲ့က တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article