26.2 C
Yangon

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၄ ဦး ကားတစ်စီးနှင့်အတူ ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ မေ ၁၅

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် (Tak) အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသား ၁၄ ဦးနှင့် ၎င်းတို့ကို သယ်ဆောင်လာသည့် ပစ်ကပ်ကားတစ်စီးကို မေလ ၁၄ ရက်နေ့ ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်း-မြန်မာနယ်စပ်၊ တာခ့်ခရိုင်၊ ဝမ်ကျောက် (Wang Chao) ဒေသအတွင်း မောင်းနှင်လာသော ပစ်ကပ်ကားတစ်စီးကို မသင်္ကာသဖြင့် ဒေသခံရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ ၎င်းကားပေါ်တွင် ပြွတ်သိပ် လိုက်ပါလာသည့် တရားမဝင် မြန်မာနိုင်ငံသား ၁၄ ဦးကို တွေ့ရှိကာ ကားမောင်းသမားနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၄ ဦး ပါဝင်ပြီး ၎င်းတို့အားလုံးတွင် ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းတစ်စုံတစ်ရာ မတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဖမ်းဆီးခံရသူ မြန်မာလုပ်သားများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ဘန်ကောက်နှင့် စမွတ်ပရကန် (Samut Prakan) ခရိုင်များသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစားခအဖြစ် တစ်ဦးလျှင် ထိုင်းဘတ် ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးချေခဲ့ရကြောင်း သိရသည်။

ကားမောင်းသမားဖြစ်သူ ထိုင်းနိုင်ငံသားကလည်း ၎င်းအနေဖြင့် အဆိုပါ မြန်မာလုပ်သားများကို တာခ့်ခရိုင်မှတစ်ဆင့် နခွန်စဝမ် (Nakhon Sawan) သို့ ပို့ဆောင်ပေးရန် သယ်ဆောင်ခအဖြစ် တစ်ဦးလျှင် ဘတ် ၂,၀၀၀ ရရှိမည်ဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား ၁၄ ဦးနှင့် ကားမောင်းသမားဖြစ်သူတို့ကို ဝမ်ကျောက်ရဲစခန်းသို့ ပို့ဆောင်ထားပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု၊ လူမှောင်ခိုကူးမှုဥပဒေများဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article