ရန်ကုန်၊ မေ ၁၆
မြန်မာနိုင်ငံအတွင်း စစ်သင်တန်းပေးမှုဆိုင်ရာအမှု နှင့် ဆက်နွှယ်ပြီး အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသား မက်သရူးဗန်ဒိုက် (Matthew VanDyke) က မိသားစုနှင့် အွန်လိုင်းစနစ် (E-Mulakat) ဖြင့် ဗီဒီယိုဆုံတွေ့ခွင့်တောင်းခံမှု၊ အထူးကုဆေးရုံတွင် ဆေးကုသခွင့်တောင်းခံထားကြောင်း အိန္ဒိယသတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရသည်။
အမေရိကန်နိုင်ငံသား မက်သရူးဗန်ဒိုက် (Matthew VanDyke) ၏ လျှောက်ထားမှုနှင့်ပတ်သက်၍ အိန္ဒိယအမျိုး သားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) တရားရုံးက သက်ဆိုင်ရာအာဏာပိုင်များထံသို့ တုံ့ပြန် ဆောင်ရွက်ပေးရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
နယူးဒေလီမြို့၊ ပါတီယာလာအိမ်တရားရုံး (Patiala House Courts) ရှိ အထူး NIA တရားရုံးမှ အထူးတရားသူကြီး ပရာရှန့်ရှာမား (Prashant Sharma) က အကျဉ်းထောင်ညွှန်ကြားရေးမှူးထံသို့ အကြောင်းကြားစာ ထုတ်ပြန်ခဲ့ပြီး၊ ဗန်ဒိုက်၏ ကိုယ်စားလှယ်များက တင်သွင်းထားသည့် လျှောက်လွှာနှစ်စောင်အပေါ် အစီရင်ခံစာများ ပြန်လည်တင်ပြရန် ညွှန်ကြားခဲ့သည်။
အဆိုပါလျှောက်လွှာများအပေါ် NIA အေဂျင်စီအနေဖြင့် ပြန်လည်ခြေပချက် တင်သွင်းလိုခြင်း ရှိ၊ မရှိကိုပါ တရားရုံးက မေးမြန်းထားပြီး၊ အမှုအား လာမည့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ကြားနာစစ်ဆေးရန် ရက် ချိန်းပေးထားသည်။
တင်သွင်းထားသည့် လျှောက်လွှာများအရ လက်ရှိတွင် တီဟာ (Tihar) အကျဉ်းထောင်၌ ချုပ်နှောင်ခံထားရသည့် ဗန်ဒိုက်သည် ထိန်းသိမ်းခံထားရစဉ်အတွင်း လှုပ်ရှားသွားလာရခက်ခဲခြင်းနှင့် ရေရှည်ခန္ဓာကိုယ်အားနည်းခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
၎င်း၏ ရှေ့နေများဖြစ်ကြသည့် ရိုဟစ်ဒန်ဒရီရယ် (Rohit Dandriyal) နှင့် ရိုဟစ်ဂေါင်ရ် (Rohit Gour) တို့၏ တင်ပြချက်အရ ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ တရားရုံးထုတ်စဉ်ကပင် ဗန်ဒိုက်သည် NIA အရာရှိများနှင့် ဝန်ထမ်းများ၏ အကူအညီမပါဘဲ လမ်းကောင်းကောင်းမလျှောက်နိုင်၊ မတ်တပ်မရပ်နိုင် ဖြစ်ခဲ့ရသည်။
ထို့ကြောင့် အကျဉ်းထောင်စည်းမျဉ်းများ၊ ဥပဒေကြောင်းအရ အကာအကွယ်များနှင့်အညီ ပုဂ္ဂလိက သို့မဟုတ် အထူးကုဆေးရုံကြီးတစ်ခုခုတွင် ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် သေချာစွာ စစ်ဆေးကုသခွင့်ပြုရန် တောင်းဆိုထားခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း အသက် ၇၉ နှစ်နှင့် ၈၄ နှစ် အရွယ်ရှိပြီဖြစ်သော ဗန်ဒိုက်၏ သက်ကြီးရွယ်အို မိဘများသည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ကြပြီး၊ ၎င်းအား ဧပြီလ ၆ ရက်နေ့က စတင်ကာ တရားစီရင်ရေးအရ ချုပ်နှောင်လိုက်ကတည်းက တစ်ကြိမ်မျှ ဆက်သွယ်စကားပြောခွင့် မရကြသေးပေ။
ယခင်က NIA ၏ စစ်ဆေးမေးမြန်းမှုခံယူနေရစဉ်အတွင်း မိသားစုနှင့် ဖုန်းဖြင့် အကန့်အသတ်ဖြင့် ဆက်သွယ်ခွင့်ရခဲ့ဖူးပြီး၊ ချုပ်နှောင်ခံထားရသူတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာနှင့် ခံစားချက်ပိုင်းဆိုင်ရာ ကောင်းမွန်စေရန်အတွက် မိသားစုနှင့် သင့်တော်သော ဆက်သွယ်မှုရှိနေစေရန် အရေးကြီးကြောင်း လျှောက်လွှာတွင် ထောက်ပြထားသည်။
ထို့ကြောင့် အမေရိကန်ရှိ ၎င်း၏ မိခင်နှင့် ဇနီးဖြစ်သူတို့ထံ အွန်လိုင်းစနစ် (E-Mulakat) ဖြင့် ဗီဒီယိုမြင်ရသည့် ဆက်သွယ်မှုပြုလုပ်ခွင့်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံသား၏ အမှုသည် မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စစ်သင်တန်းပေးခြင်းနှင့် ကူညီပံ့ပိုးခြင်းများတွင် ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦး (မက်သရူးဗန်ဒိုက်) တို့ ပါဝင်ပတ်သက်နေပြီး ယင်းလုပ်ရပ်များသည် အိန္ဒိယနိုင်ငံ၏ အမျိုးသားလုံခြုံရေးအကျိုးစီးပွားကို ထိခိုက်စေသည့် ပိတ်ပင်ထားသော သူပုန်အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေသည်ဟူသော စွပ်စွဲချက်ကြောင့် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း တရားရုံးက ဗန်ဒိုက်နှင့် ယူကရိန်းနိုင်ငံသား ၆ ဦးတို့၏ ချုပ်ရက်ကို ဗီဒီယိုစနစ်ဖြင့် အမှုကြားနာကာ ရက်ပေါင်း ၃၀ ထပ်မံတိုးမြှင့်ခဲ့သည်။ ထို့ပြင် အမှု၏ ထိလွယ်ရှလွယ်ရှိသော သဘာဝနှင့် ဥပဒေပြဋ္ဌာန်းချက်များအရ အမေရိကန်နှင့် ယူကရိန်းသံရုံးအရာရှိများ၏ တရားခွင်အတွင်း လာရောက်လေ့လာခွင့် တောင်းဆိုချက်များကို တရားရုံးက ငြင်းပယ်ခဲ့ပြီး တံခါးပိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
NIA ၏ စွပ်စွဲချက်အရ တရားခံများသည် မြန်မာအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံသို့ လက် နက်များ၊ အကြမ်းဖက်စစ်ဘက်သုံးပစ္စည်းများ ထောက်ပံ့ခြင်းအပြင် ဒရုန်းစစ်ဆင်ရေး၊ ဒရုန်းမောင်းနှင်မှု၊ ဒရုန်းတပ်ဆင်မှုနှင့် လှိုင်းနှောင့်ယှက်ခြင်းဆိုင်ရာ (Jamming) နည်းပညာစစ်သင်တန်းများကို ပေးခဲ့ကြသည်ဟု ဆိုသည်။ ထို့ကြောင့် အေဂျင်စီက ၎င်းတို့အား အကြမ်းဖက်ပူးပေါင်းကြံစည်မှုဆိုင်ရာ တရားမဝင်လှုပ်ရှားမှုများ တားဆီးရေးဥပဒေ (UAPA) ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
NIA က ဆက်လက်စွပ်စွဲထားသည်မှာ အဆိုပါ တရားခံများသည် အိန္ဒိယနိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသွားဗီဇာ (Tourist Visa) များဖြင့် ဝင်ရောက်ခဲ့ကြပြီး၊ ထို့နောက် မီဇိုရမ် (Mizoram) ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြကာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆက်သွယ်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့သည် အိန္ဒိယနိုင်ငံကို ထိခိုက်စေမည့် သူပုန်များ၏ လှုပ်ရှားမှုများကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သောနည်းဖြင့် ကူညီပေးနေသည့် အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေသည်ဟု ဆိုသည်။
ယခင်ကလည်း အထူးတရားရုံးက ဤစွပ်စွဲချက်များသည် အမျိုးသားလုံခြုံရေးနှင့် သက်ဆိုင်သည့်အတွက် ၎င်းတို့ သွားလာရသည့် ရည်ရွယ်ချက်၊ ဒရုန်းအသုံးပြုမှုများ၊ စစ်သင်တန်းပေးမှုများနှင့် သူပုန်အဖွဲ့များနှင့် ဆက်နွှယ်မှုများကို အသေးစိတ် ဆက်လက်စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။




