26.1 C
Yangon

စက်သုံးဆီအသင်းဥက္ကဋ္ဌဟောင်း ခင်စိုးနှင့် အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်တို့ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် လာဘ်ငွေယူ၍ လွှတ်ပေးခဲ့သည့် အကျဉ်းဦးစီးဌာနဝန်ထမ်းများ စုံစမ်းစစ်ဆေးခံနေရ

Must read

ရန်ကုန်၊ မေ ၁၆

နေပြည်တော်တွင် စီးပွားရေးဆိုင်ရာ မသမာမှုပုဒ်မများဖြင့် ထောင်ဒဏ် ၆ လစီ ချမှတ်ခံထားရသည့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌဟောင်း ခင်စိုးနှင့် အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်တို့ကို ဧပြီလ ၃၀ ရက် ကဆုန်လပြည့်နေ့တွင် လွတ်ငြိမ်းသက်သာခွင့် အကြောင်းပြကာ လာဘ်ငွေယူ၍ တရားမဝင် လွှတ်ပေးခဲ့သည့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများကို ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ဧပြီလ ၃၀ ရက်နေ့ ကဆုန်လပြည့်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ရန် လာဘ်ပေး၍ လွတ်မြောက်ခဲ့သူ ခင်စိုးနှင့် ဒေါက်တာဝင်းမြင့်တို့ ၂ ဦးစလုံးကို နေပြည်တော်မှ ရန်ကုန်အမြန်လမ်းတွင် စစ်တပ်က နေ့တွင်းချင်း ပြန်လည်ဖမ်းဆီးကာ ထောင်တွင်းသို့ ပြန်လည်ပို့ဆောင်လိုက်သည်။

လက်ရှိတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများထံမှ လာဘ်ငွေယူကာ တရားမဝင် လွှတ်ပေးခဲ့သည့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများကို ပြည်ထဲရေးဝန်ကြီးဌာနက ထိရောက်ပြတ်သားစွာ အရေးယူနိုင်ရန် ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိသည်။

“သူတို့ ၂ ဦးစလုံးကို ဧပြီလ ၂၃ ရက်နေ့မှာ ထောင်ဒဏ် ၆ လ ချမှတ်တယ်။ ၇ ရက်အကြာ ဧပြီလ ၃၀ ရက်နေ့ ပြန်လွတ်သွားတယ်။ လွတ်သွားတာက ငွေယူပြီး လွှတ်ပေးတာက တစ်ဖွဲ့။ ပြန်ဖမ်းတာက တစ်ဖွဲ့။ လွှတ်ပေးတဲ့အဖွဲ့တွေကိုတော့ အခု စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရတယ်” ဟု စက်သုံးဆီအသင်းမှ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

စက်သုံးဆီ တင်သွင်းရန်အတွက် စစ်ကောင်စီ သတ်မှတ်ဈေးဖြင့် ထုတ်ပေးထားသည့် အမေရိကန်ဒေါ်လာများကို ပြင်ပပေါက်ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်ကာ ဒေါ်လာဈေးကစားခြင်း၊ စက်သုံးဆီ ရောင်းဝယ်ဖြန့်ဖြူးရေးတွင် မသမာမှုပြုလုပ်ခြင်းတို့ကြောင့် ၎င်းတို့နှစ်ဦးကို ယခုနှစ် ဇန်နဝါရီလအတွင်း ရာထူးမှဖယ်ရှား၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဧပြီလ ၂၃ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးက ၎င်းတို့နှစ်ဦးအား ထောင်ဒဏ် ၆ လစီ အသီးသီး ချမှတ်ခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ခင်စိုးသည် ထောင်တွင်း၌ အကျဉ်းကျခံရခြင်းမရှိဘဲ နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆံ့ ဆေးရုံအချုပ်တွင် အထူးအခွင့်အရေးဖြင့် နေထိုင်ခဲ့ရသည်။ အမိန့်ချပြီး ၇ ရက်အကြာ ဧပြီလ ၃၀ ရက် (ကဆုန်လပြည့်နေ့) တွင် အကျဉ်းဦးစီးဌာန ဝန်ထမ်းအချို့က လာဘ်ငွေအမြောက်အမြား ရယူကာ ၎င်းတို့နှစ်ဦးအား အကျဉ်းထောင်တွင်းမှ ပြန်လည်လွှတ်ပေးခဲ့ရာမှ စုံစမ်းစစ်ဆေးမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့ လာဘ်ငွေယူကာ တရားမဝင် လွှတ်ပေးခဲ့မှုကို ဖုံးကွယ်ရန်အတွက် အာဏာပိုင်များက ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) ထုတ်ပြန်ချက်ပါ လွတ်ငြိမ်းသက်သာခွင့် လျှော့ရက် (၆ ပုံ ၁ ပုံ) ကို ထည့်သွင်းတွက်ချက်မိ၍ “ရက်တွက်မှားယွင်းခြင်းဖြစ်သည်” ဟု ဆင်ခြေပေးခဲ့သည်။

လက်တွေ့တွင် ၎င်းတို့နှစ်ဦးသည် ဧပြီလ ၂၃ ရက်မှသာ အမိန့်ချမှတ်ခံရခြင်းဖြစ်သဖြင့် ၎င်းမတိုင်မီက ထုတ်ပြန်ထားသည့် လွတ်ငြိမ်းခွင့်ကို ခံစားခွင့်မရှိသည်မှာ ထင်ရှားလှသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦး နေပြည်တော်မှ ရန်ကုန်သို့ ပြန်ဆင်းလာချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်၌ အာဏာပိုင်များက ကားကိုတားဆီးကာ နေ့တွင်းချင်း ပြန်လည်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ပြည်ပမှ စက်သုံးဆီတင်သွင်းရာတွင် ဒေါ်လာဈေးကစားမှု၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး သန့်စင်နှင့် ညွှန်ကြားရေးမှူးချုပ် ရွှေမော် တို့အပါအဝင် လုပ်ငန်းရှင်အချို့ကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့သည်။ ထို့နောက် ဒုဝန်ကြီး ဦးသန့်စင်ကို တာဝန်မှရပ်စဲခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော်ကိုမူ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကာ အခြားလုပ်ငန်းရှင်များကိုလည်း ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့ဖူးသည်။

ယခု ပြန်လည်ဖမ်းဆီးခံရသူ ခင်စိုးသည် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချသော Apex Group ကုမ္ပဏီကို တည်ထောင်သူဖြစ်ပြီး ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ Apex စက်သုံးဆီဆိုင်၊ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် အဏ္ဏဝါလွှမ်းကုမ္ပဏီတို့ကို ပိုင်ဆိုင်သည်။ ထို့ပြင် ထားဝယ်မြို့ရှိ ဈေးဝယ်စင်တာ၊ စက်သုံးဆီဆိုင်များနှင့် ဟိုတယ်လုပ်ငန်းများ ပိုင်ဆိုင်သည့် ထားဝယ်အများပိုင်ကုမ္ပဏီ (DDPC) ၏ ထားဝယ်သား လုပ်ငန်းရှင်လည်း ဖြစ်သည်။

ဒေါက်တာဝင်းမြင့်မှာမူ မြတ်မေတ္တာမွန် စက်သုံးဆီကုမ္ပဏီကို အဓိက လုပ်ကိုင်နေသူဖြစ်ပြီး၊ ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အမတ်ဟောင်းတစ်ဦး ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article