ရန်ကုန်၊ မေ ၁၉
မြန်မာစစ်ကောင်စီ၏ အဆမတန် ရက်စက်ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားများအပေါ် အကြမ်း ဖက်မှုများကို ချက်ချင်းရပ်တန့်စေရန်အတွက် အာဆီယံ (ASEAN) အနေဖြင့် အချိန်အကန့် အသတ်ရှိသော စံနှုန်းများနှင့် ပြစ် ဒဏ်ခတ်မှုများကို ပြတ်ပြတ်သားသား ချမှတ်လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန် နိုင်ငံတကာလူ့အခွင့် အရေးအဖွဲ့များက တိုက်တွန်းတောင်းဆိုလိုက်သည်။
မေလ ၈ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ ဆီဗူးမြို့တွင် ကျင်းပခဲ့သည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (5PC) မှာ လုံးဝ (လုံးဝ) ကျဆုံးနေကြောင်း ထင်ရှားခဲ့ပြီးနောက် FORUM-ASIA၊ ALTSEAN-Burma နှင့် Progressive Voice အဖွဲ့တို့က ယနေ့ မေလ ၁၉ ရက်နေ့တွင် ပူးတွဲကြေ ညာချက်တစ်ရပ် ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အာဆီယံအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ထိတွေ့ဆက်ဆံမှုများကို လုံးဝရပ်ဆိုင်းပြီး၊ မြန်မာပြည်သူများကို ကိုယ်စားပြုသည့် တရားဝင်အစိုးရများနှင့်သာ ပူးပေါင်းဆောင်ရွက်ရန် အသေးစိတ် ထောက်ပြထားသည်။
အာဆီယံက ၅ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီအား တရားဝင်ဆွေးနွေးဖက်အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ၎င်းတို့၏ အာ ဏာသိမ်းမှုကို သွယ်ဝိုက်၍ အသိအမှတ်ပြုရာ ရောက်ခဲ့ကြောင်း၊ လက်တွေ့တွင် မင်းအောင်လှိုင်အဖွဲ့က အဆိုပါ သဘောတူညီချက်များကို လုံးဝမျက်ကွယ်ပြုခဲ့သည့်အပြင် လက်ရှိ ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် အရပ်ဘက်အဖွဲ့အစည်းများကို ထိရောက်စွာ ချဉ်းကပ်ဆွေးနွေးခြင်း မရှိခဲ့ကြောင်း ထောက်ပြထားသည်။
ထို့ကြောင့် အဖွဲ့အစည်းများက အာဆီယံ၏ ချဉ်းကပ်ပုံကို ပြောင်းလဲရန် တုံ့ပြန်ချက် ၅ ချက် (Five Counter Points) ကို အစားထိုးလုပ်ဆောင်ရန် တိုက်တွန်းထားသည်။
ယင်းအချက်များတွင် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရေး အရေးပေါ်စီမံချက်ချမှတ်ရန်၊ NUG၊ NUCC၊ CRPH၊ EROs တို့နှင့် တရားဝင်ဆွေးနွေးရန်၊ အာဆီယံအထူးသံတမန်ကို အချိန်ပြည့် (Full-time) သက်တမ်း ၃ နှစ်အထိ တိုးမြှင့်ခန့်အပ်ရန်နှင့် အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ စီမံခန့်ခွဲမှုစင်တာ (AHA Centre) မှ စစ်ကောင်စီကိုယ်စားလှယ်ကို ဖယ်ရှားရန်တို့ ပါဝင်သည်။
မင်းအောင်လှိုင်က ၎င်း၏ အုပ်ချုပ်ရေးယန္တရားအတွက် နိုင်ငံတကာထခံရရှိရန် ရည်ရွယ်၍ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ၃ ဆင်ဆင့်ခွဲကာ ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲ (Sham Election) သည် နိုင်ငံတစ်ဝန်း စစ်မီးတောက်နေချိန်၊ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထားချိန်နှင့် မဲဆန္ဒရှင်ပြည်သူများကို ခြိမ်းခြောက်အကျပ်ကိုင်၍ လုပ်ဆောင်ခဲ့ခြင်းကြောင့် တရားမျှတမှုမရှိဘဲ လုံးဝယုံကြည်စိတ်ချရမှု မရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ထို့ကြောင့် အာဆီယံအနေဖြင့် အဆိုပါ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် မည်သည့်အဖွဲ့အစည်းနှင့် ကိုယ်စား လှယ်ကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် မြန်မာပြည်သူ ၃ ဒသမ ၇ သန်းကျော် စစ်ဘေးဒုက္ခသည်အဖြစ် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ လူဦး ရေ ၁၂ သန်းကျော်မှာ အစားအစာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။ စစ်ကောင်စီသည် ပြည်သူ့ထောက်ခံမှု လုံးဝမရှိသည့် တရားမဝင်အဖွဲ့အစည်းဖြစ်သဖြင့် မည်သည့်ဆွေးနွေးပွဲစားပွဲတွင်မှ ပါဝင်ခွင့်မရှိသင့်ကြောင်းထောက်ပြထားသည်။
စစ်ကောင်စီက ၎င်းတို့၏ အစိုးရအတုကို လူထုအမြင်ကောင်းစေရန် နိုင်ငံရေးအကျဉ်းသား ၂၉၂ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ခြင်းမှာ ဟန်ပြလုပ်ရပ်သာဖြစ်ပြီး သမ္မတဦးဝင်းမြင့် လွတ်မြောက်မှုနှင့် ဒေါ်အောင်ဆန်းစုကြည်အား ပြောင်းရွှေ့ထားမှု သတင်းများမှာလည်း ယနေ့ထက်ထိ NUG ဘက်က အတည်မပြုနိုင်သေးသည့် မရေရာသော အခြေအနေတွင် ရှိနကြောင်း ဆက်လက်ထောက်ပြထားသည်။
ထို့ကြောင့် စစ်ကောင်စီထိန်းချုပ်ထားသည့် လမ်းကြောင်းများမှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ခြင်းကို ချက်ချင်းရပ်တန့်ပြီး နယ်စပ်ဖြတ်ကျော် (Cross-border) စနစ်ဖြင့် Frontline ဒေသခံတော် လှန်ရေးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့များမှတစ်ဆင့် စစ်ဘေးရှောင်များထံ တိုက်ရိုက်အကူအညီပေးရန်၊ စစ်ကောင်စီကို အာဆီယံလုပ်ငန်းစဉ်အားလုံးမှ ထုတ်ပယ်ပြီး၊ ပြည်သူလူထု၏ တရားဝင်ကိုယ်စားလှယ်များဖြစ်သော NUG၊ EROs၊ အရပ်ဘက်အဖွဲ့များနှင့်သာ ဆက်ဆံရန် နိုင်ငံတကာလူ့အခွင့်အရေးများက တောင်းဆိုသည်။
အင်ဒိုနီးရှားနှင့် တီမောလက်စ်တေနိုင်ငံတို့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့် (Universal Jurisdiction) အရ တရားစွဲဆိုထားမှုကို အာဆီယံနိုင်ငံများက ဝန်းရံပံ့ပိုးရန်၊ အာဂျင်တီးနားတရားရုံးက မြန်မာစစ်ကောင်စီအရာရှိ ၂၅ ဦးအပေါ် ဖမ်းဝရမ်းထုတ်ပြန်ထားမှုကို အာဆီယံနိုင်ငံများက နိုင်ငံတကာဥပဒေနှင့်အညီ ပူးပေါင်းပါဝင်ကာ ဖမ်းဆီးလွှဲပြောင်းပေးရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုထားသည်။




