ရန်ကုန်၊ မေ ၁၉
တနင်္သာရီတိုင်း၊ မောတောင်မြို့မှ တော်လှန်ရေးတပ်များ ဆုတ်ခွာပေးလိုက်ရပြီး အကြမ်းဖက် စစ်တပ်က ပြည်သူ ၂၀၀ ကျော်နှင့် သံဃာတော် ၁၀ ပါးကို မြို့ပေါ်တွင် ဖမ်းဆီး ရိုက်နှက် နှိပ်စက်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလပိုင်းမှ စတင်ပြီး မောတောင်မြို့ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ မေလ ၁၉ ရက်နေ့၌ မောတောင်မြို့ကို ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် တော်လှန်ရေးတပ်များသည် မောတောင်မြို့မှ ဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မောတောင်မြို့ အမှတ် ၆ ဘုန်းကြီးကျောင်းမှ သံဃာတော် ၁၀ အပါအဝင် အပါအဝင် မြို့ပေါ် ရပ်ကွက်များမှ ပြည်သူ ၂၀၀ ကျော်ကို စစ်ကြောင်းရှေ့တွင် လူသားဒိုင်း ပြုလုပ်ပြီး မြို့ပေါ်ကို အင်အား အရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်များက ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်၍ ပြန်လည် ဆုတ်ခွာပေးလိုက်ရကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မောတောင်မြို့ပေါ်ကို ရောက်ရှိနေပြီး တင့်ကားများ၊ သံချပ်ကာကားများလည်းပါဝင်ကြောင်း၊ ထို့ပြင် ၎င်းတို့ ဖမ်းဆီးလာသော သံဃာတော် ၁၀ အပါအဝင် ပြည်သူ ၂၀၀ ကျော်ကိုလည်း ရိုက်နှက် စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
“ဒီနေ့ မေလ ၁၉ ရက်နေ့မှာ မောတောင်မြို့ကို ပြန်လည်လက်လွှတ်လိုက်ရပါပြီ အာဏာရှင် စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာမှုနဲ့ တော်လှန်ရေးမဟာမိတ်တွေဘက်က ကျည်ဆံနဲ့ လက်နက်အင်အား မလုံလောက်မှုများကြောင့် ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ခွေးစစ်ကြောင်းက ပြည်သူ ၂၀၀ ကျော်ကို ဖမ်းဆီးထားတယ်။ ရဟန်းသံဃာတော် ၁၀ ပါးလည်းပါတယ်။ အခုစစ်ခွေးတွေက ပြည်သူများအား ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ပြီး စစ်ဆေးတာတွေလုပ်နေတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
မောတောင်မြို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် အစောပိုင်းတွင် တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မောတောင်ရှိ နောက်ဆုံးကျန်ရစ်နေသော စစ်တပ်၏ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မောတောင်မြို့ကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ မောတောင်မြို့ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက လပေါင်းများစွာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး တော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ် ထိုးစစ်ဆင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်အစောပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်၊ ရေဖြူမြို့နယ်ရှိစစ်တပ်၏ နတ်အိမ်တောင်စစ်စခန်း။




