27 C
Yangon

စိုင်ပြင်မြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်နှင့် ပတ်သက်သူများ၏ အချက်အလက်များ ရရှိထားသဖြင့် အချိန်မီ ပြင်ဆင်၍ လမ်းကြောင်းမှန်ပေါ် ရပ်တည်ကြရန် ရွှေဘိုခရိုင်စစ်ဌာနက သတိပေး

Must read

ရန်ကုန်၊ မေ ၂၄

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းဆည်းရမိသည့် စာရွက်စာတမ်းများအရ စစ်ကောင်စီနှင့် ပတ်သက်နေသော တော် လှန်ရေးအဖွဲ့အစည်းအချို့မှ လူပုဂ္ဂိုလ်အချို့နှင့် မြို့ခံပြည်သူအချို့၏ အချက် အလက်များကို ရရှိထားပြီးဖြစ်၍ ကာယကံရှင်များအနေဖြင့် အချိန်မီ ပြင်ဆင်ကာ တော်လှန်ရေးလမ်းကြောင်းမှန်ပေါ်၌ ပြန်လည်ရပ်တည်ပေးကြပါရန် အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက သတိပေးတိုက်တွန်းပြောကြားလိုက်သည်။

မေလ ၁၆ ရက် နံနက်ပိုင်း ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ကို အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာန၏ Operation OTT စစ်ဆင်ရေးဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းစခန်းသိမ်းတိုက်ပွဲအတွင်းမှ ဖမ်းဆီးရရှိသည့် သုံ့ပန်းများနှင့် သိမ်းဆည်းရမိသော ဌာနဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ စစ်ဆေးမေးမြန်းလျက်ရှိရာ စိုင်ပြင်မြို့ပေါ်မှ ပြည်သူအချို့နှင့် ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းအချို့မှ လူပုဂ္ဂိုလ်အချို့သည် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် သတင်းပေး၊ သတင်းယူကိစ္စရပ်များတွင်လည်းကောင်း၊ အကြမ်းဖက်စစ်ယန္တရား လည်ပတ်ရေးအတွက် အထောက်အကူပြုရာတွင်လည်းကောင်း ပါဝင်ပတ်သက်နေသည်ကို စိစစ်တွေ့ရှိရကြောင်း အသိပေးထားသည်။

အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနမှ တာဝန်ရှိသူက “အဓိကကတော့ သူတို့စီးပွားရေးလုပ်ငန်းတွေအတွက် ပတ်သက်ရတာတွေ။ ထောက်ခံစာတို့ ကိစ္စမျိုးတွေပေါ့။ နောက်ပိုင်းကျတော့ အဲဒီအလုပ်တွေ ချောမွေ့ဖို့အတွက် လိုအပ်တာ ထက် ပိုလာကြတာ။ ပုံမှန်သတင်းပေး၊ သတင်းယူကိစ္စတွေအထိ ပါလာတာ။ စစ်တပ်ကလည်း ဒီစီးပွား ရေးသမားတွေကို ဒီလိုသူတို့ရဲ့ ယန္တရားနဲ့ အကြပ်ကိုင်တာပေါ့။ အကြပ်ကိုင်တယ်ဆိုတာက မင်းတို့ ဒီသတင်းပေးမှ ဒီထောက်ခံစာပေးမယ်ဆိုတာမျိုး တည့်တည့်တော့ မဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ ကိုယ့်လူသူ့ဘက်သား ဖြစ်သွားတဲ့အနေအထားပေါ့။ အချို့လည်း သူတို့ရဲ့ ပင်ကိုယ်ကိုက စစ်တပ်နဲ့သာပေါင်းပြီး အလုပ်လုပ်ချင်ကြတာတွေလည်း ပါဝင်ပါတယ်။ ဒီတော်လှန်ရေးနယ်မြေမှာ နေနေရလို့သာ မလွှဲသာမရှောင်သာ ဒီတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်ကြတာမျိုးပေါ့။ တော်လှန်ရေးရဲ့ ဒုက္ခတွေကို မနှစ်မြို့ကြတာပေါ့။ ဒီတော်လှန်ရေးနယ်မြေမှာ ဒီပြည်သူတွေရဲ့ ဒုက္ခတွေကို မျက်ကွယ်ပြုပြီး ကိုယ့်စီးပွားရေးဖြစ်ထွန်းဖို့ဆို စစ်တပ်နဲ့ ဘယ်လောက်ပေါင်းရပေါင်းရ ပေါင်းမယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေကိုကျတော့ နည်းနည်းလေးမှားတာနဲ့ များများအပြစ်တင်လိုက်မယ်ဆိုတာမျိုးတွေပေါ့။ ဒီလူတန်းစားတွေလည်း ရှိကြတယ်။ ဘယ်သူက ဘယ်လောက်အထိ နီးနီးကပ်ကပ် ပါဝင်ပတ်သက်ထားတယ် ဆိုတဲ့သက်သေတွေလည်း ကျနော်တို့ ရရှိထားပါတယ် ဒီထဲမှာ တော်လှန်ရေးအရေခြုံထားတဲ့ လူတွေလည်း ပါဝင်နေကြပါတယ်။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ ရပ်တည်နေကြတာတွေ။ လိုအပ်လို့ မလွှဲသာမရှောင် သာ ဆက်ဆံရေးကို ဆိုလိုတာ မဟုတ်ဘူးနော်။ သူတို့စီးပွားရေးချောမွေ့ဖို့ စစ်တပ်နဲ့ လိုလိုလားလားကို ပေါင်းနေပြီး ဒီဘက်ကတော်လှန်ရေးအဖွဲ့အစည်းတွေကိုကျတော့လည်း ပုံစံတစ်မျိုးနဲ့ တည်ဆောက်ထားကြတာမျိုးကို ပြောတာပါ”ဟု ရှင်းပြသည်။

အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အကြမ်းဖက်စစ်တပ်ထံမှ ခရီးသွားထောက် ခံစာများ ပြုလုပ်ရခြင်း၊ မှတ်ပုံတင်ပြုလုပ်ရန် ထောက်ခံစာယူရခြင်း စသည့် ပြည်သူလူထု၏ မလွှဲသာမရှောင်သာ ကြုံတွေ့ရသည့် အကျပ်အတည်းများကို စာနာနားလည်သော်လည်း၊ အချို့သော ပြည်သူများသည် ၎င်းတို့၏ တသီးပုဂ္ဂိုလ်ရေး အကျိုးစီးပွားအတွက် အကြမ်းဖက်စစ်တပ်နှင့် လိုအပ်သည်ထက်ပိုသည့် ဆက်ဆံရေးများ ထားရှိနေခြင်းကိုမူ လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်း သတိပေးသည်။

ထို့ပြင် အဆိုပါပုဂ္ဂိုလ်များကပင် အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်း၍ ရရှိထားသည့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန်အတွက် တော်လှန်ရေးအင်အားစုများ၏ Operation OTT စစ်ဆင်ရေးအပေါ် အပျက်သဘောဆောင်၍ ဝေဖန်ခြင်း၊ ပြည်သူလူထုကြားတွင် စိုးရိမ်ထိတ်လန့်မှု မြင့်တက်စေမည့် စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးသတင်းများကို လူထုကြား သွေးခွဲဖြန့်ဝေလျက်ရှိသည်ကိုလည်း တွေ့ရကြောင်း ဆက်လက်သတိပေးထားသည်။

ထို့ကြောင့် အဆိုပါပုဂ္ဂိုလ်များအနေဖြင့် လက်ရှိတော်လှန်ရေးလုပ်ငန်းများတွင် လမ်းကြောင်းမှန်ကန်စွာဖြင့် ပြန်လည်ပူးပေါင်းပါဝင်ခြင်းအားဖြင့် မိမိတို့၏ အမှားများကို အမြန်ဆုံး ပြန်လည်ပြုပြင်ကြရန်နှင့် တော်လှန်ရေးအဖွဲ့အစည်းများက ပေးအပ်သည့် ဒုတိယအခွင့်အရေးကို မလွတ်တမ်း ဆုပ်ကိုင်ကြရန် လေးနက်စွာ သတိပေးနှိုးဆော်ထားသည်။

စိုင်ပြင်မြို့ခံ ပြည်သူလူထုအနေဖြင့်လည်း မိမိတို့၏ ပိုင်ဆိုင်မှုဆုံးရှုံးမှုများကို စိုးရိမ်ကြောင့်ကျနေခြင်းထက် အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနနှင့်အတူ တော်လှန်ရေး၏ အခက်အခဲများကို အတူတကွ ကျော်ဖြတ်ပြီး၊ မိမိတို့မြို့နှင့် မိမိတို့နယ်မြေ ရေရှည်လုံခြုံရေးအတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ပူးပေါင်းထမ်းဆောင်ကြရန် တိုက်တွန်းထားသည်။

တော်လှန်ရေးနယ်မြေအတွင်း နေထိုင်လျက်ရှိပြီး အကြမ်းဖက်စစ်တပ်ကို လျှို့ဝှက်အလုပ်အကျွေးပြုနေခြင်းသည် စစ်ကောင်စီ၏ လူမျိုးတုံးသတ်ဖြတ်မှုဗျူဟာတွင် ကြံရာပါအဖြစ် ပါဝင်နေခြင်းဖြစ်သဖြင့် မည်သည့်နည်းနှင့်မျှ ခွင့်လွှတ်သွားမည်မဟုတ်ကြောင်း အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက ပြတ်ပြတ်သားသား သတိပေးတိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article