28 C
Yangon

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ မြန်မာနိုင်ငံဘက်အခြမ်းတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထင်းကောက်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၂၅

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ ဘန်ဒရီဘန် (Bandarban) ခရိုင်၊ နိုင်ခေံဆရီ (Naikhyangchari) ဆပ်ခရိုင်၊ ဂမ်ဒမ် (Gumdhum) ကျေးရွာအုပ်စုအတွင်းရှိ နယ်စပ်စည်းမျဉ်း (Zero Line) ၏ မြန်မာနိုင်ငံဘက်ခြမ်းတွင် မေလ ၂၄ ရက်နေ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက သတင်းထုတ်ပြန်သည်။

ကော့စ်ဘဇား (Cox’s Bazar) အခြေစိုက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) တပ်ရင်း-၃၄ မှ တပ်မှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ရူ အလမ် (Khairul Alam) ၏ ပြောပြချက်အရ မေလ ၂၄ ရက်နေ့ တနင်္ဂနွေနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် နယ်စပ်စည်းမျဉ်းတစ်လျှောက် ထင်းကောက်ရန် သွားရောက်စဉ် မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီး ခိုင်ရူ အလမ်က “BGB တပ်ဖွဲ့ဝင်တွေ မြေပြင်က အခင်းဖြစ်ပွားတဲ့နေရာကို ရောက်ရှိတဲ့အချိန်မှာ ဒဏ်ရာရသူတွေဟာ သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ သေဆုံးသူ သုံးဦးစလုံးဟာ ချက္ကမာ (Chakma) မျိုးနွယ်စုဝင်တွေ ဖြစ်ကြပါတယ်” ဟု ပြောကြားသည်။

BGB ၏ ထုတ်ပြန်ချက်အရ သေဆုံးသူများမှာ ဂမ်ဒမ်ကျေးရွာအုပ်စု၊ ဘာလုကီယာပါရာ (Bhalukiapara) ကျေးရွာတွင် နေထိုင်ကြသည့် အသက် ၄၁ နှစ်အရွယ် လေယာရာ ချက္ကမာ (Leyara Chakma)၊ အသက် ၅၀ အရွယ် အောင်ကျေမောင် (Aung Kye Mong) နှင့် အသက် ၄၀ အရွယ် ချင်းကျေမောင် (Ching Kye Mong) တို့ ဖြစ်ကြသည်။

လက်ရှိတွင် နယ်စပ်ဒေသတစ်လျှောက်၌ မြေမြှုပ်မိုင်းပေါက်ကွဲနိုင်ခြေ အန္တရာယ် အလွန်မြင့်မားနေကြောင်း ဒုတိယဗိုလ်မှူးကြီး ခိုင်ရူအလမ်က ဆက်လက်သတိပေးသည်။

“ပြည်သူတွေ နယ်စပ်စည်းမျဉ်း (Zero Line) အနီးတစ်ဝိုက်ကို သွားလာခြင်းမပြုဖို့ တားမြစ်နှိုးဆော်တဲ့ အသိ ပညာပေးလုပ်ငန်းတွေကို BGB အနေနဲ့ ပုံမှန်လုပ်ဆောင်ပေးနေပါတယ်” ဟု ၎င်းက သတိပေးပြောကြားသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တောင်ပိုင်းကို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ အဆိုပါနယ်စပ်ဒေသများ၌ ဘင်္ဂလားဒေ့ရှ်ဒေသခံများနှင့် ရိုဟင်ဂျာဒုက္ခသည်များ မိုင်းနင်းမိ၍ ခြေလက်အင်္ဂါ ဆုံးရှုံးရသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ၂၇၁ ကီလိုမီတာရှည်လျားသည့် နယ်စပ်စည်းမျဉ်းကို အတူတကွ မျှဝေထားကြသည်။

BGB တာဝန်ရှိသူများ၏ ပြောပြချက်အရ လက်ရှိတွင် မြန်မာနိုင်ငံဘက်ခြမ်းရှိ နယ်စပ်ဒေသတစ်ခုလုံးနီးပါးကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားပြီး၊ မြန်မာစစ်တပ်မှာမူ နယ်စပ်ဒေသများတွင် အခြေစိုက် လှုပ်ရှားနိုင်ခြင်း မရှိတော့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article