26 C
Yangon

ကန်ပက်လက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မတူမြို့ကိုပါ စစ်တပ်က လေကြောင်းတိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၂၇

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က အထိနာ၍ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မတူမြို့ကိုပါ စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလပိုင်းမှ စတင်ပြီး မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန်ပက်လက်မြို့ကို ဦးတည် စစ်ကြောင်းထိုးလာသောကြောင့် စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ ကန်ပက်လက်မြို့ အနီး တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထို ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုများနေခြင်းကြောင့် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်နေသော ကာကွယ်ရေးတပ်ဖွဲ့များ အတွက် ကန်ပက်လက်မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပရောက်ရှိနေသော ပြည်သူများ အနေဖြင့် အလှူငွေ ထည့်ဝင်ပေးခြင်းအားဖြင့်သော် လည်းကောင်း၊ ဆုတောင်းပေးခြင်းအားဖြစ်သော် လည်းကောင်း အင်တိုက်အားတက် ပါဝင်ကူညီပေးကြရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုပါသည်။

မေလ ၂၆ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးကို ကန်ပက်လက်မြို့ကို လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ် ထက်မနည်းပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် မေလ ၁၆ ရက်နေ့မှ စတင်ပြီး ကန်ပက်လက်မြို့ပေါ်ကို လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကန်ပက်လက်တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေတုန်းရှိသေးတယ်။ စစ်ခွေးတွေလည်း အထိနာနေတော့ စစ် ကြောင်းက ဆုတ်လိုက်တိုးလိုက် အခြေအနေမှာရှိတယ်။ အင်အားထပ်ဖြည့်မလားဆိုတာကတော့ စောင့်ကြည့်နေတုန်းပဲ” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မတူပီမြို့ပေါ်ကိုလည်း ယမန်နေ့ မေလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လေယာဉ် ၇ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၁၅ ကြိမ်၊ Y-12 လေယာဉ်ဖြင့် ၈ ကြိမ်၊ ညပိုင်းတွင်လည်း Y-12 လေယာဉ်ဖြင့် ၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်ဝန်းကျင်တွင်လည်း မတူပီမြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် ပေါက်ကွဲသံနှင့် တုန်ခါမှုတို့ကြောင့် မွေးကင်းစ ၄ ရက်သား ကလေးငယ်တစ်ဦး ထိတ်လန့်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“မတူပီမှာတော့ တိုက်ပွဲမရှိပါဘူး။ စစ်ခွေးတွေ လေကြောင်းနဲ့ အပြင်းအထန် ဗုံးကျဲ တိုက်ခိုက်နေတာပဲရှိပါတယ်” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

လက်ရှိချိန်တွင် ချင်းပြည်တောင်ပိုင်း၊ ယောဒေသနှင့် ပုံတောင်ပုံညာတို့တွင် စစ်အင်အား ၁၀၀၀ ကျော်ဖြင့် တော်လှန်ရေးတပ်များ စစ်ဆိုင်ထားရပြီး ထိတွေ့တိုက်ပွဲများ ၁၀ ရက် နီးပါးကြာ ဖြစ်ပွားနေကြောင်း၊ CPU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့များတွင်လည်း အကြမ်းဖက် စစ်တပ်က အရပ်ဘက်နှင့် စစ်ဘက် ပစ်မှတ်များ နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေကြောင်း၊ စစ်တပ် စစ်ကြောင်းများ ရှေ့ဆက်မတိုးနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များက တားဆီးထားနိုင်သော်လည်း စစ်ကူ အင်အား ၁၀၀၀ ကျော် ထပ်မံဖြည့်တင်းရန် ပြင်ဆင်နေသော ကြောင့် တိုက်ပွဲကာလ ကြာရှည်ကာ ပြင်းထန်လာနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ရှေ့တန်းစစ်မြေပြင်တွင် အလိုအပ်ဆုံးအရာများကို ကူညီဖြည့်တင်းရန်နှင့် ရဲဘော်များကို ဆေးကုသသည့်နေရာ၌ လိုအပ်သော အရာများကို ဝယ်ယူဖြည့်တင်းနိုင်ရန် ငွေကြေးလှူတန်းကြရန်နှင့် လက်ရှိ စစ်ဆင်ရေး ကုန်ကျစရိတ် သိန်းသောင်းနှင့်ချီ ရှိသောကြောင့် လိုအပ်သည့် နေရာမှ ဖြည့်စွက်လှူတန်းကြရန် CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန် က တောင်းဆိုးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article